စစ်ကိုင်း၊ ဩဂုတ် ၁၂၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးကင်းရွာကြားမှာ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ PDF south monywaအဖွဲ့တာဝန်ခံ Daung Karyan က မြေလတ်အသံကိုပြောပါတယ်။
Monywa Ranger Group Truth Armyအဖွဲ့ နဲ့ပူးပေါင်းပြီး ဩဂုတ်လ ၁၂ ရက် ဒီကနေ့ မနက် ၃ နာရီခွဲမှာ အင်အား ၁၀၀ ကျော်လိုက်ပါလာတဲ့ စစ်ကား ၁၁ စီးကို မုံရွာ - မန္တလေးလမ်းမကြီးပေါ်မှာ ပဒေသာမိုင်း ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“သတင်းရတာက ၄ စီးမြောက်နဲ့ ၅ စီးမြောက်ကားတွေမှာ စစ်သားတွေ ပါတယ်လို့ သိရတဲ့အတွက် ၄ စီးမြောက်ကားရောက်တဲ့အချိန်မှာ ကွက်တိဆွဲလိုက်တာ၊ မနက်ခင်း ပွိုင့်ဆွဲတဲ့နေရာကိုသွားကြည့်တော့ သွေးကွက်တွေကို မြင်မကောင်းဘူး။”လို့ Daung Karyan က ပြောပါတယ်။
အဆိုပါယာဉ်တန်းဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲက ထွက်လာတာဖြစ်ပြီး၊ အတွင်းသတင်းနဲ့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောစကားအရ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၁၅ ဦးထပ်မနည်း သေဆုံးနိုင်ကာ ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ သိရပါတယ်။
အခုအချိန်က ခရီးသွားနေရမယ့်အချိန် မဟုတ်တဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပြီး၊ စစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ အိမ်စီးကားနဲ့ မရောစေဖို့အတွက် ကားမှန်ချကာသင့်တင့်တဲ့ အမြန်နှုန်းထားနဲ့ မောင်းနှင်ပေးဖို့ လိုအပ်တယ်လို့လည်း အဆိုပါရဲဘော်က ဆိုပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment