နောင်ချိုက လူမှုကူညီရေးအသင်း ၂ သင်းရဲ့ ဥက္ကဌအပါအဝင် လူ(၁၈)ဦးကို စစ်ကောင်စီက ဖမ်းဆီးသွား


ဩဂုတ် ၁၂ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့အခြေစိုက် လူမှုကူညီရေးအသင်းဖြစ်တဲ့ စေတနာမွန်နဲ့ ဖြူစင်မေတ္တာအသင်းရဲ့ ဥက္ကဌအပါအဝင် အဖွဲ့သား ၄ ဦးနဲ့ မြို့ခံ (၁၄)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၇ ရက် ညနေ ၆ နာရီဝန်းကျင်မှာ စေတနာမွန်နဲ့ ဖြူစင်မေတ္တာအသင်းဥက္ကဌတို့ ၂ ဦး ဖြူစင်မေတ္တာရုံးမှာ ဖမ်းဆီးခံရပြီး ၉ ရက်နဲ့ ၁၀ ရက်မှာ အသင်းဝင်တွေကို ထပ်မံဖမ်းဆီးသွားတယ်လို့ မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြို့ခံအမျိုးသားတစ်ဦးက “ဒလန်တွေကြောင့် လူမှုကူညီရေး အသင်းအဖွဲ့အစည်းတွေဖမ်းခံရတာဖြစ်တယ်။ ၇ ရက်နေ့မှာ အသင်း နှစ်သင်းဥက္ကဌ ၂ ယောက် ဖမ်းခံရတယ်။ နောက်ရက်ကျတော့ အဖွဲ့ဝင်တွေနဲ့ မြို့ခံတွေကို လိုက်လံ ဖမ်းဆီးတယ်။ စေတနာမွန်အသင်းဥက္ကဌနဲ့ အဖွဲ့သား ၃ ယောက်ပေါ့။ ဖြူစင်မေတ္တာအသင်းက ဥက္ကဌတစ်ယောက်ပါသွားတယ်” လို့ ဆိုပါတယ်။

နောင်ချိုမြို့မှာ လူမှုကူညီရေးအသင်း အဖွဲ့အစည်းပေါင်း (၄၀)ကျော် ရှိတဲ့အထဲမှာ စေတနာမွန်နဲ့ ဖြူစင်မေတ္တာအသင်းဟာ PDF ရဲ့ ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ၎င်းက “ဒီမှာ လူမှုကူညီရေးအသင်းက (၄၀)ကျော်ရှိတယ်။ Tamintar Gyi ဆိုတဲ့ Facebook အကောင့်က သွေးထိုးလှုံ့ဆော်ပြီးတော့ ဒီအသင်း ၂ သင်းက ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ လိုင်းပေါ်တင်တာ အဲဒီနောက် လိုက်ဖမ်းတော့တာပဲ” လို့ ပြောပါတယ်။

နောင်ချိုမြို့မှာ ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်နေပြီး ဖမ်းဆီးခံရတဲ့သူတွေကို မိသားစုဝင်တွေက တွေ့ခွင့်မရဘူးလို့ သိရပါတယ်။

“နောင်ချိုမှာ ဒီရက်ပိုင်း အဖမ်းအဆီးတွေများတယ်။ တချို့ပြန်လွှတ်လာတာရှိတယ်။ ဖမ်းခံရတဲ့လူတွေအားလုံးက ဘယ်သူမှ တွေ့လို့မရဘူး။ သူတို့ထမင်းတောင်မှ ဂိတ်အထိပဲ ပို့ရတယ်” ဆိုပြီး သူက ဆက်ပြောပြပါတယ်။

ဖမ်းဆီးခံရတဲ့ လူမှုကူညီရေးအသင်း ၂ သင်းဟာ နောင်ချိုအပြင် ရှမ်းမြောက်ရှိ မြို့အတော်များများက အားထားရတဲ့ လူမှုကူညီရေးအသင်းဖြစ်ပြီး အသင်းဥက္ကဌ ၂ ဦး ဖမ်းဆီးခံရပြီးနောက် အသင်းရဲ့ လုပ်ငန်းစဉ်ကို ရက်အကန့်အသတ်မရှိ ရပ်နားထားမယ်လို့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အသင်းနဲ့ နီးစပ်သူတစ်ဦးက “ဒီလူမှုကူညီရေးအသင်းတွေက ကျနော်တို့ နောင်ချိုမှာ အားကိုးရတဲ့အသင်းတွေဖြစ်တယ်။ ရွာမှာရှိတဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေတောင်မှ သူတို့နဲ့ ချိတ်ဆက်ပြီး အလုပ် လုပ်ရတယ်။ အခုတော့ သူတို့အဖွဲ့သားတွေရဲ့ လုံခြုံရေးအတွက် လုပ်ငန်းရပ်ထားရတယ်” လို့ ပြောပါတယ်။

နောင်ချိုမှာ ဖမ်းဆီးမှုတွေ ဆက်တိုက် ရှိလာနေပြီး စစ်ကောင်စီတပ်နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား စစ်ရေး တင်းမာမှုကြောင့် နောင်ချိုမှာ စစ်ရှောင်ထောင်ချီနီးပါး ရှိနေပါတယ်။


Shwe Phee Myay News Agency 

နောင်ချိုက လူမှုကူညီရေးအသင်း ၂ သင်းရဲ့ ဥက္ကဌအပါအဝင် လူ(၁၈)ဦးကို စစ်ကောင်စီက ဖမ်းဆီးသွား နောင်ချိုက လူမှုကူညီရေးအသင်း ၂ သင်းရဲ့ ဥက္ကဌအပါအဝင် လူ(၁၈)ဦးကို စစ်ကောင်စီက ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 20:11 Rating: 5

No comments:

Powered by Blogger.