ဂန့်ဂေါ၊ ဇူလိုင် ၅၊ ၂၀၂၂။
မကွေးတိုင်း၊ ဂန့်ဂေါမြို့တောင်ပိုင်းက ပျားရွာထဲကို နေ့လည် ၂ နာရီက စစ်ကောင်စီတပ်တစ်ခု ဝင်သွားပြီး ရွာသား ၅ဦးကို ဓားစာခံအဖြစ်ဖမ်းကာ အောင်မြင်ရွာနဲ့ပျားရွာ ကူးတဲ့တံတားမှာ လူသားဒိုင်းအဖြစ်အသုံးပြုနေတယ်လို့ ဂန့်ဂေါ PDF ထံကသိရပါတယ်။
နေ့လည် ၁ နာရီခွဲဝန်းကျင်ကလည်း ပျားရွာထဲကို လက်နက်ကြီး လက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသူတွေရှိနေနိုင်ပြီး ရွာထဲနဲ့အဆက်သွယ်ပြတ်တောက်နေလို့ အခြေနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါစစ်ကြောင်းဟာ ဒီကနေ့မနက် ၁၁ နာရီခွဲခန့်က ဂန့်ဂေါ ခလရ (၅၀) ကနေ စစ်ကား၂ စီးနဲ့ ထွက်ခွာလာတာဖြစ်ပြီး အင်အား ၇၀ လောက်ပါတယ်လို့ သိရပါတယ်။
ယနေ့မနက်ပိုင်းမှာပဲ ဂန့်ဂေါမြို့မြောက်ပိုင်း ရေရှင်ရွာဘက်ကိုလည်း အင်အား ၅၀ ခန့်ပါတဲ့ စစ်ကြောင်းတခု ဝင်ရောက်ခဲ့ပြီး ရွာသားတွေကိုဖမ်းဆီးတာတွေ အဓမ္မပြုကျင့်တာတွေနဲ့သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။
နယ်မြေခံ PDF အဖွဲ့တွေကတော့ အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်တဲ့အတွက် ပြည်သူများအနေနဲ့ ဂန့်ဂေါ-မင်းရွာလမ်းပိုင်း နဲ့ ဂန့်ဂေါ-ပျား-ရှောင်ပင် စတဲ့ ကျေးရွာချင်းထိစပ်နေတဲ့ လမ်းပိုင်းတွေကို အသုံးမပြုကြဖို့ ကြေငြာချက်တွေလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိ စစ်ကြောင်းက ပျားရွာထဲမှာပဲရှိနေသေးပြီး ရွာထဲကဘီယာဆိုင်တခုမှာလို့ဆိုပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment