အင်းတော်တွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီစစ်ကြောင်းတွင် အကျဉ်းသားများ ပါဝင်နေဟုဆို

ပုံ - စစ်ကိုင်းတိုင်း ရှေ့တန်းတစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

အင်းတော်- ဇူလိုင် ၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းသို့ စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းတွင် အကျဉ်းသားများနှင့် မူးယစ်ဆေးစွဲနေသူ အချို့လည်း ပါဝင်နေကြောင်း သိရသည်။

စစ်သည် အင်အား ၁၂၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၈ ရက်နေ့က အင်းတော်မြို့နယ် အောင်းကုန်းရွာနှင့်တုံမဖွဲရွာတို့တွင် တပ်စွဲခဲ့ပြီး အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် အကျဉ်းသားနှစ်ဦး ပါဝင်နေကြောင်း  မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောပြသည်။

"အဲ့ကရွာသားက ဆေးမှုနဲ့ထောင်ကျဖူးတယ်။ အဲ့ရွာသားနဲ့သိတဲ့ တပ်သားတွေက ဆေးမှု၊ တပ်ပြေးမှုနဲ့ကျတာ။ အဲ့ရွာကို စစ်သားတွေရောက်ခဲ့တော့ မင်းက ဘယ်လိုစစ်ထဲရောက်နေတာလဲ ဘာညာမေးကြတယ်တဲ့။ အဲ့ကရွာသားကိုပြောတာ ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်ဆိုပြီး ခေါ်ခဲ့တာတဲ့ ရှေ့တန်းကို" ဟုပြောသည်။

အဆိုပါအကျဉ်းသားနှစ်ဦးနှင့်သိရှိသူ ရွာခံအမျိုးသားမှာ ပြီးခဲ့သည့် ဧပြီလ ၂၇ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့ )က ရွှေဘိုအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူဖြစ်ကြောင်း သူကပြောသည်။

အကျဉ်းသားများ ပါဝင်သည့် စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အင်းတော်မြို့ အောက်တောရွာနှင့် မော်တိတ်ရွာအနီးတွင် ဇွန်လ ၁၈ မှ ၂၀ ရက်နေ့၊ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ထောင်သားတွေဆိုတော့ သူတို့က စစ်တိုက်တဲ့ စွမ်းရည်လဲ မရှိဘူး။ သူတို့က စစ်ဖြစ်နေရင်တောင် သူတို့ကလမ်းလျှောက်နေတာတို့ ဒီတိုင်းမတ်တပ်ကြီးရပ်ပြီး ကြည့်နေတာတို့ အဲ့လိုမျိုးပုံစံကြီးတွေနဲ့ပေါ့နော်။ အဲ့လိုဆိုတော့ စစ်ဖြစ်နေတဲ့အချိန် အနည်းအများ ပစ်ခံရတာပဲပေါ့။ အဲ့လိုပုံစံနဲ့ကျတာာတွေများပါတယ်။ သူတို့ဘက်က" ဟုပြောသည်။

အဆိုပါ စစ်ကြောင်းတွင် အကျဉ်းသားနှစ်ဦးအပြင် မူးယစ်ဆေးသုံးစွဲသူများလည်းလည်း ပါဝင်နေကြောင်း သူကဆက်ပြောသည်။ 

“အဲ့ကောင်တွေက အဲ့နေရာကနေ ခုထိ မထွက်သေးဘူး။ လက်နက်အင်အား၊ လူအင်အား ပိုပြီးဖြည့်နေတယ်။ ဖိုး(ဘိန်းဖြူ)ဝယ်ရင် စစ်အဝတ်အစားနဲ့ပဲ ဝယ်တာ။ တစ်ခါတလေ ရွာသားတွေကို ဝယ်ခိုင်းတယ်။ သူတို့ကိုယ်တိုင်လည်း ဝယ်တယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် အင်းတော်မြို့ တာပေါကျေးရွာရှိ ဘုန်းကြီးကျောင်း၊ အောင်းကုန်းရွာ စာသင်ကျောင်းနှင့် နန့်သာရွာဘုန်းကြီးကျောင်းတို့တွင် ဆက်လက်တပ်စွဲထားကြောင်းသိရသည်။

အကျဉ်းသားများပါဝင်နေသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မည်သည့် တပ်ရင်းဖြစ်သည်ကိုမူ မသိရှိရသေးပေ။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းသည် အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ မင်းကုန်းရွာသို့ ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့သည့်အပြင် ဒေသခံများ၏ နေအိမ်များမှ လက်ဝတ်ရတနာပစ္စည်းများ၊ ငွေကြေးနှင့် အခြားအဖိုးတန်ပစ္စည်းများ ခိုးယူသွားကြောင်း သိရှိရသည်။


The 74 Media 

အင်းတော်တွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီစစ်ကြောင်းတွင် အကျဉ်းသားများ ပါဝင်နေဟုဆို အင်းတော်တွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီစစ်ကြောင်းတွင် အကျဉ်းသားများ ပါဝင်နေဟုဆို Reviewed by THITHTOOLWIN on 23:47 Rating: 5

No comments:

Powered by Blogger.