ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်


စစ်ကိုင်းတိုင်းဒေသ ဆားလင်းကြီးမြို့နယ် တရားနှင့် ကန်တွင်း ကျေးရွာ ၂ခုမှ ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သေနတ်လိုက်လံပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Salingyi Special Task Force မှ သိရသည်။

ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် သံဖိုတောင်ကျေးရွာသို့ ရုတ်တရက် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မနက် ၇ နာရီဝန်းကျင်တွင် တရားကျေးရွာဘက်သို့ ထပ်မံဝင်ရောက်လာစဉ် ဒေသခံပြည်သူများကို သေနတ်လိုက်လံပစ်ခတ်ခဲ့ရာ ဘေးလွတ်ရာသို့ ထွက်ပြေးသည့် ပြည်သူ ၂ဦး သေနတ်ထိမှန်ခဲ့ကြောင်း Salingyi Special Task Force မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"မနေ့ညက သံဖိုတောင်ကို ရုတ်တရက်ဝင်လာတယ်။ ညဆိုတာတစ်ခါမှစစ်ကြောင်းမထိုးဖူးဘူးလေ။ ရုတ်တရက်ဝင်လာပြီး ဘုန်းကြီးကျောင်းကိုတပ်စွဲတယ်။ အဲ့ဒီမှာမနက်ကျမှ တောဘက်တွေကို ခြိမ်းခြောက်ဖို့ ပစ်တာပေါ့။ အဲ့မှာရွာတစ်ဝှိက်ကလည်းရှောင်ကြတာပေါ့။ အဲ့မှာ အခုသေဆုံးသွားတဲ့ ပြည်သူကလည်းပြေးတာ ပြေးရင်းခြေထောက်မှန်သွားပုံရတယ်။ အဲ့မှာလည်ပင်းကို အနီးကပ် ပြန်ပစ်ခံရတာပါ။ နောက်တစ်ယောက်ကြတော့ကျတော့ပုန်းနေတာ ဒဏ်ရာတော့ နည်းနည်းရသွားတယ် ဒါမဲ့ပုန်းနေတော့လွတ်သွားတာပေါ့"ဟုပြောဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေနတ်ထိမှန်သေဆုံးသွားသည့် သူသည် အသက် ၃၀ ကျော်ခန့်ရှိ တရားကျေးရွာမှ အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူသည် အသက် ၄၀ကျော် အရွယ် ကန်တွင်း ကျေးရွာဒေသခံ အမျိုးသားတစ်ဦးဖြစ်ကြောင်းသည်ဟုသူကဆိုသည်။

လက်ရှိအချိန်အထိ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသား၏ ရုပ်အလောင်းကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်းဟု ဆက်သိရသည်။

ထို့အပြင် ယနေ့ မနက်ပိုင်း ၈နာရီ ဝန်းကျင်တွင် တရားကျေးရွာမှ စစ်ကောင်စီတပ်များ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တရားကျေးရွာနှင့် တဆက်တည်းရှိသော မြေဇွန်းကျေးရွာမှ ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းထိခိုက်ရရှိသွားကြောင်း ဆားလင်းကြီး သတင်းမှန်ပြန်ကြားရေးတွင် ဖော်ပြထားသည်။

ဆားလင်းကြီးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်မှ ကျေးရွာပေါင်း ၁၃ ရွာအတွင်းသို့  စစ်ကြောင်းထိုး ဝင်ရောက်လာမူကြောင့် လူဦးရေ တစ်သောင်းကျော်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။


Kachin News Group 

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန် ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန် Reviewed by THITHTOOLWIN on 23:12 Rating: 5

No comments:

Powered by Blogger.