စစ်ကိုင်း ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို


စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မင်းရွာကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁၃ဦး ထက်မနည်း ကျဆုံးခဲ့သည်ဟု Tiger King ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဇွန်လ ၂ရက်နေ့တွင် ဝက်လက်မင်တော်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ဝက်လည်ရွဲကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်းတစ်နေရာတွင် Tiger King တပ်ရင်း ၁၅ တပ်ခွဲ (၁)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က စစ်အရာရှိတစ်ဦးအပါအဝင် စစ်သားနှစ်ဦး ထိုနေရာတွင် သေဆုံးခဲ့သည့်အပေါ်  စစ်ကောင်စီဘက်မှ တန်ပြန် လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် တစ်ရက်အတွင်း ကျေးရွာ ၃ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ် ဝက်လည်ရွဲကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ညနေပိုင်း ၅နာရီဝန်းကျင်တွင် ဝက်လည်ရွဲနှင့် လေးကုန်း ကျေးရွာ ၂ခုအတွင်း သို့ ဝင်ရောက်လာကာ လူနေအိမ်များမီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး ထိုကျေးရွာ ၂ခုအပြင် ည ၁၂နာရီဝန်းကျင်တွင် မင်းရွာကျေးရွာအတွင်းရှိသော လူနေအိမ်များကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံပြည်သူများပြောဆိုချက်မှသိရသည်။

ထိုသို့ စစ်ကောင်စီဘက်မှ ကျေးရွာ ၃နေရာတွင်ရှိသော လူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဇွန်လ ၃ရက်နေ့ ၈နာရီခန့်တွင် မင်းရွာကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီစစ်ကြောင်းကို Tiger King ပျောက်ကြားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းတပ်စုတို့ တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများခဲ့သည်ဟု Tiger King ပျောက်ကြားတပ်ဖွဲ့မှ တိုက်ပွဲတွင်ပါဝင်ခဲ့သော တာဝန်ရှိသူတစ်ဦးကဆိုသည်။

“သူတို့က တစ်ရွာပြီး တစ်ရွာ ဝင်းပြီးတော့ မီးဝင်ရှို့နေကြတာ။ အဲ့ကြောင့် ကျနော်တို့ဘက်ကနေ မတိုက်ရင်မရတော့ဘူး ဆိုပြီး ကျနော်တို့ အဖွဲ့ဝင်တွေအားလုံးနဲ့ ချိတ်ဆက်ပြီး မနက်ပိုင်း ၈နာရီလောက်မှာ ဝင်တိုက်ခဲ့တယ်။ ၁၀နာရီဝန်းကျင်လောက်မှာ အပြန်အလှန်ပစ်ကြပြီ။ အစောပိုင်းမှာကျတော့ လက်နက်ကြီးတွေ ပစ်‌ခြောက်လန့်တာမျိုးပဲရှိတယ်။ အဲ့မှာသူတို့ဘက်က အထိနာပုံရတယ် ပထမ မောင်းပြန်တွေသုံးရာကနေ စက်သေနတ်ပါသုံးတယ်။ စက်သေနတ်သုံးတဲ့အခါကျတော့ ကျနော်တို့လည်း လက်နက်အင်အားမမျှတော့ မတုန့်ပြန်နိုင်တော့ဘူး ပြန်ဆုတ်လိုက်ရတယ်”ဟုဆိုသည်။ 

ထိုနေရာတွင် ၁နာရီခန့်အကြာ အပြန်အလှန် လက်နက်ကြီးများဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသွားသူ ၄၀ဦးခန့်ကို ရွှေဘိုဆေးရုံဘက်သို့ ပို့ဆောင်ထားခဲ့ကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ်ထံမှ ပေးပို့လာခဲ့သည်ဟု သူကဆက်ဆိုခဲ့သည်။

ဝက်လက်နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို ဒေသကာကွယ်ရေးတပ်ဘက်မှလည်း လူလတ်ပိုင်းအရွယ် ရဲဘော် ၁၃ဦး တိုက်ပွဲတွင် ကျဆုံးသွားခဲ့ရကြောင်းနှင့် တိုက်ပွဲအပြီး ဇူလိုင်လ ၄ရက်နေ့တွင်  Tiger King ပျောက်ကြားတပ်ဖွဲ့မှ တပ်ရင်း ၁၅ နှင့် ပကဖများ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်တွင် သေဆုံးသွားသည့် ရုပ်အလောင်းများကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု Tiger King ‌ပျောက်ကြားတပ်အဖွဲ့ဘက်မှ အတည်ပြုထားသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များ ၂ဖက်တပ် အကျအဆုံးများခဲ့ကြောင်းသိရသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သည့်အတွက် ပြန်လည်တိုက်ခိုက်သည့်အနေဖြင့် ယခုရက်ပိုင်းအတွင်း ဝက်လက်မြို့နယ် အရှေ့ပိုင်းရှိ ရွာများကို တစ်ရွာဝင်တစ်ရွာထွက် မီးဝင်ရှို့မည်ဟု သတင်းရရှိထားကြောင်း Tiger King ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။


Kachin News Group

စစ်ကိုင်း ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို စစ်ကိုင်း ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.