ထီးလင်း၊ ဇွန် ၁၆၊ ၂၀၂၂။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းမှာ ဇွန်လ ၁၆ ရက် ဒီမနက်အစောပိုင်းက စစ်ကောင်စီတပ်တွေနဲ့ YDF - ထီးလင်း တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ထီးလင်းမြို့နယ်၊ ရွှေအောင်သာကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ အောင်းကျေးရွာက စားနပ်ရိက္ခာတွေကိုယူဖို့လာချိန် မနက် ၅ နာရီခန့်မှာ အောင်းကျေးရွာအနီးမှာပဲ ပထမတကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ Yaw Defence Force - ထီးလင်း တာဝန်ခံက ပြောပါတယ်။
“မနက်က ၅ နာရီလောက်မှာ ရွှေအောင်သာဘက်ကနေပြီးတော့ အောင်းကျေးရွာကို ရိက္ခာတွေ လာသယ်တာ၊ တပ်စိပ် တစိပ်လောက်ရှိတယ်၊ လာသယ်တဲ့အဖွဲ့နဲ့ကျနော်တို့ ကင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်တာပါ၊ ထိတွေ့မှုက ကျနော့်အထင်တော့ မိနစ် ၃၀ လောက်ကြာမယ်၊ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်သွားတယ်၊” လို့ ပြောပါတယ်။
အဲ့ဒီနောက် စစ်သားတွေဟာ အောင်းကျေးရွာထဲကို ဆက်ဝင်သွားခဲ့ပြီး၊ ရွာထဲမှာ ခေတ္တနေပြီးမှ ပြန်ဆုတ်ခွာလာချိန် မနက် ၇ နာရီလောက်မှာ ဒုတိယအကြိမ် ထပ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
“နောက်ပြီးတော့ ရွာထဲကိုသူတို့ဝင်တယ်၊ သူတို့ ဘာရိက္ခာမှမယူလိုက်ရဘူး၊ ကျနော်တို့က ရွာကိုဝိုင်းဖို့လုပ်တဲ့အချိန်မှာ သူတို့ပြန်ပြီးတော့ ထွက်သွားတယ်၊ ရွာထဲမှာ ၁၅ မိနစ်လောက်ပဲ နေခွင့်ရလိုက်တယ်၊ ကျနော်တို့ဝိုင်းမယ်ဆိုတာကို သူတို့သတင်းရတယ် ထင်ပါတယ်၊ သူတို့နောက်ပြန်ဆုတ်သွားတဲ့အချိန် ၇ နာရီလောက်မှာ ကျနော်တို့ဖြတ်ပြီး တိုက်ပါတယ်၊” လို့ YDF - ထီးလင်း တာဝန်ခံက ဆက်ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ ရှိ၊ မရှိကို အတိအကျမသိရသေးသလို ဒီဖြစ်စဥ်နဲ့ ပက်သက်တဲ့ နောက်ဆက်တွဲအခြေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ မြစ်သာရေလှောင်တမံဒေသအတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီမော်တော်ယာဥ် ၃ စီးကို YDF - ထီးလင်း တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲ တိုက်ခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment