PDF လာဝိုင်းတယ်ဆိုပြီး သာယာဝတီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အချင်းချင်းပစ်မိလို့ ၁ ဦးကျည်ထိ စိုးရိမ်ရ


သာယာဝတီ၊ ဇွန် ၂၈၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့၊ ရန်ကုန် -ပြည်ကားလမ်းမပေါ် အ.ထ.က - ၁ ကျောင်းလမ်းဆုံမှာ ဇွန်လ ၂၇ ရက် မနေ့ည ၈ ညနာရီ ၄၅ မိနစ်ဝန်းကျင်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီလမ်းဆုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ တပ်မ ၆၆ လက်အောက်ခံ သာယာဝတီမြို့နယ်အခြေစိုက် ခလရ (၃၅) တပ်ဖြစ်ပြီး၊ PDF တွေလာဝိုင်းတယ်လို့ဆိုကာ တပ်ကြပ်ကိုနိုင်ဆိုသူက ရမ်းသမ်းပစ်ခတ်ရာမှ တပ်သားဇင်ကို လည်ပင်းဖောက်ထွက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"ဒီကောင်တွေဆေးများကြောင်နေတာလားမသိဘူး။ သူတို့ကို ဘယ် PDF ကမှ လာမဝိုင်းဘဲနဲ့ PDF တွေလာဝိုင်းနေပြီဆိုပြီး ထပြီးရမ်းသမ်းပစ်တာ၊ ပစ်တာက တပ်ကြပ်ကိုနိုင်၊ ထိတာက တပ်သား ဇင်ကို လည်ပင်းကိုဖောက်ထွက်သွားတာ။ အဲ့ဒီတပ်သားရဲ့မိန်းမက ဂုံမင်းမြောင်ရွာက ကွမ်းရောင်းတယ်" လို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့ သာယာဝတီမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တပ်သား ဇင်ကိုဟာ အဲ့ဒီသေနတ်ထိမှန်ဒဏ်ရာနဲ့ သာယာဝတီဆေးရုံကိုရောက်ရှိလာခဲ့ပြီး သွေးထွက်လွန်နေလို့ ညတွင်းချင်း ရန်ကုန်စစ်ဆေးရုံကိုပို့ ဆောင်လိုက်ရကာ သေဆုံးနိုင်တယ်လို့ သာယာဝတီဆေးရုံနဲ့ နီးစပ်တဲ့သူတခြား မြို့ခံတဦးက ဆိုပါတယ်။

အဲ့ဒီစစ်သားသေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးသလို ပစ်ခတ်တဲ့စစ်ကောင်စီတပ်သားကို စစ်ကောင်စီတပ်ကဘယ်လိုဆောင်ရွက်နေတယ်ဆိုတာ မသိရသေးပါဘူး။

အဲ့ဒီလမ်းဆုံမှာတပ်စွဲထားတဲ့ ခလရ (၃၅) တပ်ဟာ မြို့ပေါ်သွားလာသူတွေကို စစ်ဆေးတာတွေအကြောင်းပြပြီး ငွေတောင်းကြမ်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တပ်မ ၆၆ နဲ့ လက်အောက်ခံတပ်တွေဟာ ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်ဝင်ရောက်နေတာ ၈လ ဝန်းကျင်ရှိပြီးဖြစ်ပြီး တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှုများပြားနေသလို CDM ပြုလုပ်သွားသူတွေလည်းအများအပြားရှိနေပြီး နောက်တန်းမှာလည်း အခုလို အချင်းချင်းပစ်ခတ်မှုတွေဖြစ်ပွားနေတာပါ။


မြေလတ်အသံ - Myaelatt Athan 

PDF လာဝိုင်းတယ်ဆိုပြီး သာယာဝတီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အချင်းချင်းပစ်မိလို့ ၁ ဦးကျည်ထိ စိုးရိမ်ရ PDF လာဝိုင်းတယ်ဆိုပြီး သာယာဝတီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အချင်းချင်းပစ်မိလို့ ၁ ဦးကျည်ထိ စိုးရိမ်ရ Reviewed by THITHTOOLWIN on 23:06 Rating: 5

No comments:

Powered by Blogger.