ဖောင်းပြင်မှာ PDF ထောင်ထားတဲ့ တိုက်မိုင်းတွေနင်းမိပြီး စစ်သား ၁၀ ဦးခန့် သေဆုံးနိုင်


ဖောင်းပြင်၊ ဇွန် ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၁၉ ရက် မနေ့နေ့လည် ၂ နာရီလောက်က ဖောင်းပြင် PDF ထောင်ထားတဲ့ တိုက်မိုင်းတွေကို နင်းမိပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

အင်အား ၃၀ ကျော်ပါ အဲ့ဒီစစ်သားတွေဟာ ဖောင်းပြင်မြို့နယ်၊ ထော်သာကျေးရွာအနီး ကိုးတန်ချောင်းဖျားတောင်ကုန်းကနေ စစ်ကြောင်းထိုးလာစဥ် အဲ့ဒီနေရာမှာပဲ မိုင်းနင်းမိ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင့် စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်တယ်လို့ ဖောင်းပြင် PDF တာဝန်ခံက ပြောပါတယ်။ 

“၁၉ ရက်နေ့က တိုက်ပွဲဖြစ်တာတော့မဟုတ်ဖူး၊ ဒီကောင်တွေလာနိုင်တဲ့လမ်းကြောင်းကို မိုင်းထောင်တာ၊ သူတို့လာမဲ့လမ်းကြောင်းတွေကလည်း များတယ်၊ ‌နေ့လည် ၂ နာရီဝန်းကျင်ကနေ မိုင်းကွဲသံကြားရတော့ ကျနော်တို့တိုက်မိုင်းတွေ လိုက်စစ်တာ၊ အဲဒီအချိန်မှာ မိုင်း ၁ လုံးကွဲသံကြားလို့ လိုက်စစ်တယ်၊ ၁၀ ယောက်ကတော့သေနိုင်တယ်၊ လေးငါးယောက်တော့ အနည်းဆုံးဒဏ်ရာရနိုင်တယ်၊”လို့ ပြောပါတယ်။ 

ဒီသေဆုံးမှုနဲ့ ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။ 

အဆိုပါစစ်သားတွေဟာ ဖောင်းပြင်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးတိုက်ခိုက်ဖို့ ပြင်ဆင်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိကြီးစွာ နေထိုင်ကြဖို့ ဖောင်းပြင် PDF က သတိပေး ပြောကြားထားပါသေးတယ်။ 

ဒါ့အပြင်ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် ညနေ ၃ နာရီခွဲလောက်ကလည်း ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်အုပ်စု၊ ပုဂံတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ဖောင်းပြင်း PDF နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ဖောင်းပြင်မှာ PDF ထောင်ထားတဲ့ တိုက်မိုင်းတွေနင်းမိပြီး စစ်သား ၁၀ ဦးခန့် သေဆုံးနိုင် ဖောင်းပြင်မှာ PDF ထောင်ထားတဲ့ တိုက်မိုင်းတွေနင်းမိပြီး စစ်သား ၁၀ ဦးခန့် သေဆုံးနိုင် Reviewed by THITHTOOLWIN on 00:35 Rating: 5

No comments:

Powered by Blogger.