မိုးညှင်း - ဇွန် ၁၅၊ ၂၀၂၂။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ စစ်ကိုင်းတိုင်းသို့ ဆင်းသွားသည့် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့တစ်ရက်အတွင်း သုံးနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကား ၃၃ စီးပါ စစ်ကောင်စီယာဉ်တန်းသည် ယနေ့နံနက်ပိုင်းက အင်းတော်မြို့နယ်တွင် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရသဖြင့် ကားတစ်စီး လမ်းဘေးထိုးကျသွားပြီး နှစ်စီးမှာတိမ်းမှောက်ခဲ့သည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောပြသည်။
“မော်လူးနဲ့ နဘားကြားဆွဲတာ ကားတစ်စီးလမ်းဘေးကျပြီး အခုပြန်ဆွဲတင်သွားပြီ။ မဲဇာဘက် ကြိမ်ချောင်းမှာကတော့ ကားနှစ်စီးမှောက်သွားတယ်။ ဒုတိယအကြိမ်က တော်တော်အထိနာတယ်။ မှောက်တဲ့ကားက ဟိုကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်) အပြည့်ပါတယ်” ဟုပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးရှိနိုင်သော်လည်း အတိအကျ မသိရှိရသေးကြောင်း သူကပြောသည်။
ယနေ့နံနက်မိုင်းဆွဲခံရသည့်နေရာမှာ ယနေ့နံနက် ၃ နာရီခန့်က မော်လူးမြို့နှင့် နဘားမြို့ အကြားတွင် တစ်ကြိမ်နှင့် ကြိမ်ချောင်းကျေးရွာအနီးတွင်လည်း ယနေ့နံနက် ၇ နာရီခန့်က တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ထိုစစ်ကောင်စီယာဉ်တန်းကို ယနေ့နံနက် ၁၁ နာရီခန့်ကလည်း ထီးချိုင့်မြို့နယ် ဘိုတဲကုန်းကျေးရွာ၊ ဇီးဖြူကျင်းကျေးရွာ၊ အလယ်တောကျေးရွာနှင့် ဆားတွင်းကျေးရွာ အနီးတို့တွင်လည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိကြောင်း ဖေစ့်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
အင်းတော်မြို့နယ် မဲဇာအုပ်စု အလယ်ဆိတ်ကျေးရွာအနီးတွင်လည်း ယမန်နေ့နံနက်က အင်အား ၅၀ ခန့်ပါရှိသော စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက်ရေတပ် ( KIA ) ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့သည်။
The 74 Media

No comments:
Post a Comment