ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်သတ်ခံရ

Photo- The voice of shanni

June 25,2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဖေသည် ယနေ့ည ၈နာရီဝန်းကျင် နေအိမ်တွင် သေနတ်ပစ်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများမှ သိရသည်။

" ကျနော်ကြားရတာက ဆိုင်ကယ်နဲ့လူငယ်နှစ်ယောက်က ခေါင်းတည့်တည့်လာပစ်သွားတာ သုံးချက်လောက်ထိတယ်လို့ပြောတယ်။ နေရာတင်ပွဲချင်းပြီး ဆုံးသွားတယ်လို့ သိရတယ်" လို့ ဒေသခံတစ်ဦးကပြောသည်။

သေနတ်ပစ်ခံရကာ သေဆုံးသွားသည့် ဦးသန်းဖေသည် အသက် ၆၀ နှစ်ဝန်းကျင်ရှိပြီး ရှမ်းနီစာပေနဲ့ယဉ်ကျေးမူကော်မတီမှ နာယကတစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာရောက်ပစ်ခတ်သွားသည့် လူငယ်နှစ်ဦးမည်သူမည်ဝါဆိုသည်မှာ မသိရသေးကြောင်း ဒေသခံများကပြောသည်။

" ဘယ်သူလာသတ်သွားတာလည်းဆိုတာတော့ မသိဘူး ခုသတ်ခံရတာ အုပ်ချုပ်ရေးမှူးဟောင်းဟုတ်တယ်။ ခုဟောင်ပါးမှာက အုပ်ချုပ်ရေးမှူးမရှိဘူး ဘယ်သူမှလည်း မလုပ်ရဲကြဘူး" လို့ ဟောင်ပါးဒေသခံတစ်ဦးကပြောသည်။

လက်ရှိ အဆိုပါ ပစ်သတ်ခံရသည့် သေနတ်မြည်သံကြောင့် ဒေသခံပြည်သူများစိုးရိမ်မူများရှိ‌နေပြီးဘုန်းကြီးကျောင်းအတွင်း သွားရောက်ခိုလှုံနေကြကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများသတ်ခံရမှုအပြင် ဒလန်ဟုသတင်း ထွက်နေသူများ တစ်ဦး၊ နှစ်ဦး သုံးဦးအပြင် အစုလိုက်သတ်ခံရမှုယခုနှစ်အတွင်းပိုမိုဖြစ်ပွားလာလေ့ရှိသည်။

အလားတူ မေလ ၃၁ ရက်နေ့ ဆွတ်အောင်ကျေးရွာအနီးတွင် မက်လင်ချောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးအုန်းကျော်အပါအဝင် အမျိုးသားလေးဦးလက်နောက်ပြန်ကြိုးသုတ်၍တစ်နေရာတည်းတွင်သတ်ခံထားရသည့်ဖြစ်စဥ်မျိုးလည်း ရှိခဲ့ပြီး မေလမှ ဇွန်လအထိ သတ်ခံရသူ စုစုပေါင်း ၁၀ ဦးမနည်းရှိလာပြီဖြစ်သည်။


Kachin News Group 

ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်သတ်ခံရ ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.