ပင်းတယမြို့ဝင် ရဲကင်းစခန်းပစ်ခတ်ခံရပြီး စစ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ


မဲခေါင်၊ ဇွန် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အဝင်ရှိ ရဲကင်းစခန်း ယနေ့၊ နံနက်ပိုင်းအချိန်က ပစ်ခတ်ခံရပြီး စစ်သား ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပင်းတယ-ရပ်စောက်သွားလမ်း၊ ပင်းတယမြို့အဝင်ရှိ မြောက်ကျောင်းကြီးရဲကင်းစခန်းမှ လယ်ပြင်ရွာမှလမ်းသွားလမ်းလာပြည်သူတစ်ဦးအား ယနေ့၊ နံနက် ၉ နာရီ၊ ၄၅ မိနစ်ဝန်းကျင်အချိန်ခန့်က စတင်ပစ်ခတ်ခဲ့ရာ ‌ဦးခေါင်းထိမှန်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၁၅ မိနစ်ခန့်အကြာ၌ ပျောက်ကြားတပ်ဖွဲ့ဟု ယူဆရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ၃ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"၁၀ နာရီမတ်တင်းလောက်က ရွာသားတစ်ယောက်ကို ဘာမဆိုင်ညာမဆိုင်လှမ်းပစ်တော့ ခေါင်းထိမှန်သွားတယ်။ ၁၀ ချက်တောင် ချုပ်လိုက်ရတာ။ နောက် ၁၅ မိနစ်လောက်နေတော့ သူတို့ဝင်ပစ်ခံရတယ်။ သူတို့ဖက်က ရမ်းသမ်းပြီး ပြန်ပစ်တော့ လမ်းသွားလမ်းလာ ၃ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်" ဟု ၎င်းက ပြောသည်။

သေဆုံးသွားသည့် စစ်သားနှင့် ထိခိုက်ဒဏ်ရာရသည့် စစ်သားတို့ကို စစ်ကားဖြင့် ဆေးရုံသို့တင်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာရသည့် စစ်သားမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

ထို့နောက် အာဏာသိမ်းစစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က မြို့ဝင်မြိုထွက်ဂိတ်များအားလုံးကို ပိတ်ဆို့စစ်ဆေးနေပြီး မြို့တွင်းရှိ နေရာအချို့၌လည်း လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်နေကြောင်း သိရသည်။


MeKong News - မဲခေါင်သတင်း

ပင်းတယမြို့ဝင် ရဲကင်းစခန်းပစ်ခတ်ခံရပြီး စစ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ ပင်းတယမြို့ဝင် ရဲကင်းစခန်းပစ်ခတ်ခံရပြီး စစ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.