မင်းလှက စစ်သား သားသမီးတွေကို စစ်သင်တန်းတက်ခိုင်းပြီး၊ သေနတ်ပစ်နိုင်သေးတဲ့ စစ်မှုထမ်းဟောင်းတွေ ကင်းစောင့်နေရ


မင်းလှ၊ ဇွန် ၂၂၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်း (ခလရ ၁) စစ်ကောင်စီတပ်မှာ တပ်အင်အားမရှိလို့ စစ်မှုထမ်းဟောင်း အသက်ကြီးရွယ်အိုတွေကို ခေါ်ယူအလုပ်ပေးပြီး ကင်းစောင့်ခိုင်းနေတယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူရမှာ သေနတ်ပစ်ခတ်နိုင်ရေးကို အဓိကထားခေါ်ယူနေကာ ခြေထောက်တဖက်ပြတ်နေသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

"သေနတ်ကို မ နိုင်ပြီးပစ်နိုင်သေးရင်ပြီးရောဆိုတာမျိုးခေါ်တာထင်တယ်။ အဘိုးကြီးတွေရော၊ ခြေတဖက်ပြတ်တွေရောပါတယ်။ သူတို့ကို လစာပေးထားတယ်လို့လည်း သိရတယ်။ ဘယ်လောက်ပေးလည်းတော့မသိဘူး" လို့ ခလရ ၁ နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် သူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တပ်တွင်းနေထိုင်တဲ့ အရွယ်ရောက်ပြီးသူ မိသားစုဝင်သားသမီးတွေကိုပါ စစ်သင်တန်းပေးကာ တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။

"ခလေးသေးသေးတွေလောက်ဘဲ မတက်ခိုင်းတာ၊ သေနတ် မ(သယ်)နိုင်တဲ့အရွယ်မျိုးလောက်ကနေစပြီး စစ်သင်တန်းတက်ခိုင်းတယ်။ ခလေးတွေကို​တော့ ကင်းစောင့်ခိုင်းတာမျိုးတော့ မတွေ့ဘူး။ စစ်သင်တန်းဘဲ သက်သက်တက်ခိုင်းတာမျိုးဖြစ်မယ်" လို့ သူက ဆက်လက်ပြောပါတယ်။

ခလရ ၁ တပ်ဟာ အင်းမအခြေစိုက် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် (တမခ ၆၆) လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး လက်ရှိမှာ ခလရ ၁ တပ်အပါအဝင် တပ်မ ၆၆ တပ်မတခုလုံး ကရင်နီပြည်အတွင်းမှာ ကရင်နီတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ကရင်နီတိုက်ပွဲမှာဘဲ ခလရ ၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် တိုက်ပွဲအတွင်းသေဆုံးခဲ့ပြီးတော့ နောက်ပိုင်းတိုက် ပွဲတွေမှာလည်း ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ခလရ ၁ က စစ်ကောင်စီတပ်သားတွေအပြင် တပ်မ ၆၆ လက်အောက်ခံတပ်သားတွေလည်း ကရင်နီတပ်တွေဆီကို CDM ပြုလုပ်ဘက်ပြောင်းသွားတာ အများအပြားရှိနေတယ်လို့ ကရင်နီတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ပဲခူး(အနောက်ခြမ်း)ဒေသတွေဖြစ်တဲ့ ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်တွေမှာလည်း PDF တပ်ရင်းတွေ ဖွဲ့စည်းပြီး စစ်ကောင်စီရဲ့စစ်ရေးပစ်မှတ်နဲ့ အုပ်ချုပ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှုများလာတာကြောင့် စစ်ကောင်စီဘက်က နောက်ချန်အင်အားနည်းပါးတဲ့ တပ်ရင်းတွေမှာ အခုလိုပြင်ဆင်လာတာမျိုးဖြစ်တယ်လို့ CDM တပ်မတော်သားဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။


မြေလတ်အသံ - Myaelatt Athan 

မင်းလှက စစ်သား သားသမီးတွေကို စစ်သင်တန်းတက်ခိုင်းပြီး၊ သေနတ်ပစ်နိုင်သေးတဲ့ စစ်မှုထမ်းဟောင်းတွေ ကင်းစောင့်နေရ မင်းလှက စစ်သား သားသမီးတွေကို စစ်သင်တန်းတက်ခိုင်းပြီး၊ သေနတ်ပစ်နိုင်သေးတဲ့ စစ်မှုထမ်းဟောင်းတွေ ကင်းစောင့်နေရ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.