မြန်မာစစ်တပ်အတွက် လေယာဉ်အစိတ် အပိုင်းများတင်သွင်းပေးနေသောကုမ္ပဏီ ၃ ခုကို ယူကေအစိုးရ ပိတ်ဆို့အရေးယူ


ရန်ကုန်၊ ဇွန် ၁၆

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန် ကြ သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို လေကြောင်းအသုံးပြုတိုက်ခိုက် နေသည့် စစ်ကောင်စီအတွက် လေယာဉ်အစိတ်အပိုင်းများတင်သွင်းပေးနေသည့် မြန်မာကုမ္ပဏီ ၃ ခုကို ယူကေအစိုးရက ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

ယူကေအစိုးရကဒဏ်ခတ်ပိတ်ဆို့ခဲ့သည့် မြန်မာကုမ္ပဏီ ၃ ခုမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နှင့် Sky Aviator Company Ltd တို့ဖြစ်ပြီး အဆိုပါကုမ္ပဏီ ၃ ခုသည့် စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းများထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ် သက်နေသည်ဟု ဆိုသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်အနေဖြင့် အရပ်သားပြည်သူများ အပေါ် လေကြောင်းကိုအသုံးပြု၍ပစ်မှတ် ထားတိုက်ခိုက်မှုများအပါအဝင် ကျယ်ပြန့် သော ရက်စက်ကြမ်းကြုတ်မှုများကိုစနစ်တကျကျူးလွန်နေကြောင်း Amnesty International ကထုတ်ပြန်သည့် အစီရင်ခံစာအပြီး ယူကေအစိုးရက ဒဏ်ခတ်အရေးယူခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ် အစိတ်အပိုင်းများကို အထောက်အပံ့ပေးရာတွင် တာဝန်ရှိသည့်ကုမ္ပဏီများကို ပစ်မှတ် ထားသည့် ပိတ်ဆို့အရေးယူမှုအသစ်များပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကေအစိုးရက ယနေ့ထုတ်ပြန်ထားသည်။ 

မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများအဓိကထောက်ပံ့ပေးနေသည့် ရုရှားနိုင်ငံ၏ စစ်ယန္တရားသို့ စီးဆင်းသွားနိုင်သည့်ဝင်ငွေကို ပစ်မှတ် ထားကာ မြန်မာနှင့် ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုများကို တင်းတင်း ကြပ်ကြပ် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ယူကေအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်အတွက် လက်နက်နှင့် လေ ယာဉ်အစိတ်အပိုင်းများထောက်ပံ့ရာတွင် ပါဝင်ပတ်သက်နေသည့် ရုရှား ကုမ္ပဏီ ၃ ခုကိုလည်း အရေးယူပိတ်ဆို့ခြင်းများအပြင် ရုရှားသမ္မတပူတင်၏ မဟာမိတ်များကို ပစ်မှတ် ထား၍ ပိုမိုကျယ်ပြန့်သော ဒဏ်ခတ်အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကေအစိုးက ထုတ်ပြန်ခဲ့သည်။

ယူကေအစိုးရသည်  ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလအတွင်းကလည်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MEG)ကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်ဇွန်လတွင် အကြမ်းဖက်စစ်ကောင်စီ၏ အဓိကဝင်ငွေလမ်းကြောင်းများဖြစ်သည့် သစ်လုပ်ငန်း၊ ပုလဲလုပ်ငန်းတို့မှ အကျိုးအမြတ်မရရှိစေရန် ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။ 


Lu Nge Khit

မြန်မာစစ်တပ်အတွက် လေယာဉ်အစိတ် အပိုင်းများတင်သွင်းပေးနေသောကုမ္ပဏီ ၃ ခုကို ယူကေအစိုးရ ပိတ်ဆို့အရေးယူ မြန်မာစစ်တပ်အတွက် လေယာဉ်အစိတ် အပိုင်းများတင်သွင်းပေးနေသောကုမ္ပဏီ ၃ ခုကို ယူကေအစိုးရ ပိတ်ဆို့အရေးယူ Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.