ဇွန် - ၂၂
စစ်အုပ်စုက ဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ မွန်းလွဲပိုင်းမှာ နေပြည်တော်အချုပ်ထောင်ထဲ ပို့ဆောင်ခဲ့တယ်လို့ NLD ပါတီအသိုင်းအဝိုင်းက သိရပါတယ်။
နေ့လယ် (၂)နာရီခန့်က ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ NLD ပါတီ အမတ် ဦးကျော်သီဟက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
စစ်အုပ်စုက အာဏာသိမ်းပြီးနောက် တရားစွဲဆိုထားတဲ့ အမှုပေါင်း (၁၉)မှုအတွက် နေပြည်တော်ကောင်စီရုံးထဲက သီးခြားအဆောက်အဦတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိပြီး အဲဒီမှာပဲ အမှု (၆)မှုကို စစ်ဆေးကာ ထောင်ဒဏ် (၁၁)နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။
မနက်ဖန် ဇွန်လ (၂၃)ရက်မှာ ပြုလုပ်မယ့် ရုံးချိန်းကိုတော့ အခုရွှေ့ပြောင်းလိုက်တဲ့ နေပြည်တော်အချုပ်ထောင်ထဲက အထူးတရားရုံးမှာ စစ်ဆေးမှာဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲက သီးခြားနေအိမ်ထဲမှာ ပို့ဆောင်ထားတယ်လို့်လည်း ထပ်မံ သိရပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment