မန္တလေးမြို့လယ် (၈၄)လမ်းပေါ်မှာ စစ်အုပ်စုက အမျိုးသားတစ်ဦးကို ပစ်သတ်

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ၈၄ လမ်း/ Photo  - CJ

ဇွန် - ၂၅

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၈၄) လမ်းနှင့် (၃၅) လမ်းမှာ ဒီကနေ့ နေ့လည် (၃)နာရီကျော်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီ ပစ်ခတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သေဆုံးသူဟာ စကစ မဟုတ်ဘဲ စစ်အုပ်စုက အမျိုးသားနှစ်ဦးကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

သေဆုံးသူဟာ ဘဏ်ဓားပြတိုက်သူလို့ စွပ်စွဲခံရသူ ဖြစ်တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

" ဘဏ်ဓားမြတိုက်တဲ့ထဲ ပါသူကို လိုက်ဖမ်းရင်း ပစ်ခတ်မှု ဖြစ်သွားတာ။ သေဆုံးသူက ဘဏ်ဓားမြတိုက်သူလို့ ပြောကြတယ်၊ ကျန်တဲ့ ဒဏ်ရာရသူကတော့ စကစလား ဘာလား သေချာမသိရသေးဘူး" လို့ MFP ရဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။ 

မန္တလေးမြို့၊  မဟာအောင်မြေမြို့နယ် (၈၄) လမ်း၊ (၃၅) လမ်းနှင့် (၃၆)လမ်းမှာ အမျိုးသားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ဖမ်းရင်းနဲ့ လုံးထွေးသတ်ပုပ် ပစ်ခတ်မှုဖြစ်တာလို့ ဒေသခံတစ်ဦး က ဆိုပါတယ်။

"နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာပြီး သေချာတယ်၊ သေချာတယ် ဆိုပြီး ဝင်လုံးဖမ်းတာ၊ အဲဒီအချိန် ဝင်လုံးအဖမ်းခံရတဲ့ ဆိုင်ကယ်က လူက လဲပြီးတာနဲ့ သေနတ်နဲ့ ထုတ်ပစ်တာ၊ အာ့မှာ ဝင်လုံးတဲ့ ဆိုင်ကယ်နောက်က ပါလာတဲ့ လူတွေက သေနတ်နဲ့ ဝင်ပစ်တာလို့ ကြားတယ်၊ တစ်ယောက်သေတယ်။ ခပ်ဝဝနဲ့တစ်ယောက်ကတော့ ကားနဲ့တင်သွားပြီ" လို့ ဒေသခံက ပြောပါတယ်။ 

ပစ်ခတ်မှုဖြစ်စဉ်မှာ နှစ်ယောက် သေနတ်ထိမှန်ခဲ့ပြီး တစ်ယောက်ကို ကားနဲ့တင်သွားကာ ကျန် တစ်ယောက်ကတော့ နေရာမှာပင် သေဆုံးသွားပြီး ဒီအတိုင်း လမ်းပေါ် ထားရစ်ခဲ့တယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ သေဆုံးသူထံကနေ ပိုက်ဆံနဲ့ ဖုန်း​​တွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူဝါ စစ်အုပ်စုဘက်က မဟုတ်ဘူးဆိုတာကို အတည်ပြုနိုင်ပေမယ့် ကျန်တဲ့အသေးစိတ် အချက်အလက်တွေကိုတော့ MFP အနေနဲ့  အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။


Mandalay Free Press - MFP

မန္တလေးမြို့လယ် (၈၄)လမ်းပေါ်မှာ စစ်အုပ်စုက အမျိုးသားတစ်ဦးကို ပစ်သတ် မန္တလေးမြို့လယ် (၈၄)လမ်းပေါ်မှာ စစ်အုပ်စုက အမျိုးသားတစ်ဦးကို ပစ်သတ် Reviewed by THITHTOOLWIN on 23:21 Rating: 5

No comments:

Powered by Blogger.