ရွှေဘိုမှာ အမျိုးသမီး (၄)ဦး အပါအဝင် ဆိုင်ကယ်စီးလာတဲ့ လူငယ် (၉)ဦးကို စစ်အုပ်စုက ပစ်သတ်

ရွှေဘိုနယ် ကွန်ဆိပ်ရွာအနီးမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် (၉)ဦးကို စစ်ဆေးဖို့ တားဆီးတာ ရပ်မပေးလို့ဆိုပြီး စစ်အုပ်စုက လမ်းပေါ်မှာ ပစ်ခတ်သတ်ဖြတ်ထားစဉ်/Photo – S

ဇွန် - ၃၀

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကွန်ဆိပ်ရွာအနီး ဆိုင်ကယ် (၃)စီးနဲ့ သွားလာနေတဲ့ လူငယ် (၉)ဦးကို မနေ့က ဇွန်(၂၉)ရက် ညနေပိုင်းမှာ စစ်ဆေးဖို့ လှမ်းခေါ်တာ မလာဘဲ နောက်ပြန်လှည့်ပြီး မောင်းထွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ပစ်ခတ် သတ်ဖြတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဇွန်(၂၉)ရက် မနေ့က ညနေ(၃)နာရီကျော်က ရွှေဘိုမြို့နယ် ကွန်ဆိပ်ရွာအနီးမှာ အမျိုးသမီး (၄)ဦး အပါအဝင် ဆိုင်ကယ်စီးလာတဲ့ လူငယ် (၉)ဦးကို စစ်အုပ်စုက ဥပဒေမဲ့ ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံတချို့ကို ဆက်သွယ်မေးမြန်းရာမှာ အသေးစိတ် အခြေအနေတွေ မသိရသေးကြောင်းနှင့် စစ်အုပ်စုဟာ လက်နက်အားကိုးနှင့် ရွှေဘိုနယ်ထဲ ရွာစဉ်ပတ်မွှေကာ ထင်းတိုင်းကျဲ သောင်းကျန်းနေပြီး စိတ်ထင်တိုင်း သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ်စီးလာတဲ့ လူငယ်(၉)ဦးကို သတ်ဖြတ်ခဲ့တာနဲ့ ပစ်သတ်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ သေဆုံးသူတွေဟာ PDF တွေ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ရွှေဘို ကွန်ဆိပ်ရွာအနီး စစ်အုပ်စု ရှိနေချိန် ဆိုင်ကယ်(၃)စီးနဲ့ လူ(၉)ဦး စီးနင်းလာတာကို တွေ့တဲ့အတွက် စစ်အုပ်စုက စစ်ဆေးဖို့ကြိုးစားရာမှာ လာရာလမ်းအတိုင်း ပြန်လည် မောင်းနှင်ထွက်ပြေးတဲ့အတွက် လိုက်လံပစ်ခတ်ခဲ့ပြီး အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၄)ဦး သေဆုံးတယ်လို့  အကြမ်းဖက် စစ်အုပ်စုရဲ့ မုံရွာ နမခ လက်အောက်ခံ Fifty Two တယ်လီဂရမ် ချန်နယ်က ဖော်ပြပါတယ်။ 

သေဆုံးသူတွေဟာ အရပ်ဝတ်နဲ့ အမျိုးသား (၂)ဦး၊ GZ Special Task Force(Wetlet) တံဆိပ်ပါ အနက်ရောင်တီရှပ် ဝတ်ဆင်ထားသူ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၄)ဦး၊ ဖောင်းဒိုင်း တံဆိပ်ပါ အနက်ရောင်တီရှပ် လက်တိုဝတ်ဆင်ထားသူ အမျိုးသား (၁)ဦး ဖြစ်ပြီး PDF တွေလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ အဲ့ဒီ လူငယ် (၉)ဦးဆီကနေ ကျည်ဆံတချို့၊ အလံ၊ မော်တော်ဆိုင်ကယ် (၃)စီး၊ အရပ်ကျောပိုး အိတ် (၄)လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ (၅)လုံး သိမ်းဆည်းရမိခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ ကုန်လမ်း၊ ရေလမ်း နေရာအနှံ့မှာ ခရီးသွားတွေကို ဖမ်းဆီးငွေညှစ် မိုက်ကြေးခွဲ ဆက်ကြေးတောင်းတာတွေ လုပ်ဆောင်လေ့ရှိပြီး ငွေမပေးတဲ့ ပြည်သူတွေကို လမ်းပေါ်မှာတင် ပစ်ခတ်သတ်ဖြတ်တာတွေ မကြာခဏ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာ နမခလက်အောက်ခံ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို MFP က စာရင်းပြုစုခဲ့ရာမှာ ပြီးခဲ့တဲ့ မေ(၂၆)ကနေ ဇွန်(၆)ရက်အထိ (၁၂)ရက်အတွင်း စစ်အုပ်စုက စစ်ကိုင်းတိုင်း မြို့နယ်အနှံ့မှာ လမ်းသွားလမ်းလာ ခရီးသွား ပြည်သူ (၂၁)ဦးကို အစစ်ဆေးမခံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းပေါ်မှာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ ပစ်သတ်တာကို ခံခဲ့ရတဲ့ ပြည်သူတွေဟာ မေ(၂၆)ရက်က အင်းတော်မြိုနယ်၊ ကျောင်းကုန်းကျေးရွာအနီး ရွှေဘို - မြစ်ကြီးနား ကားလမ်းပေါ်မှာ ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသားတစ်ဦး၊ မေ(၂၇)ရက်က ညနေပိုင်းက ပုလဲမြိုနယ်၊ မင်းတိုင်ပင်ကျေးရွာအနီးမှာ ဆိုင်ကယ်စီးသွားလာနေတဲ့ အမျိုးသား နှစ်ဦး၊ မေ(၂၇)ရက်မှာပဲ ကန့်ဘလူမြိုနယ်၊ ထန်းတောကျေးရွာရဲ့ မြောက်ဘက်မှာ သွားလာနေတဲ့ အမျိုးသားနှစ်ဦး၊ မေ(၂၈)ရက် ညနေပိုင်းက ချောင်းဦးမြိုနယ်၊ ပဲတောင် ကျေးရွာအနီး သွားလာနေတဲ့ အမျိုးသား နှစ်ဦး၊ မေ(၂၉)ရက် နေ့လည်ပိုင်းက ဖောင်းပြင်မြိုနယ်၊ လွင်ကြီးကျေးရွာအနီး သွားလာနေတဲ့ အမျိုးသားတစ်ဦး၊ ဇွန်(၁)ရက် ညပိုင်းက ရွှေဘို-ညောင်ပင်သာ-ရေဦး လမ်းမှာ ကားနဲ့သွားလာနေတဲ့ အမျိုးသားတစ်ဦး၊ ဇွန်(၂)ရက် မနက်ပိုင်းက မင်းကင်းမြိုနယ်၊ မောက္ကတော်ကျေးရွာအနီး ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသား နှစ်ဦး၊ ဇွန်(၂)ရက် ညနေပိုင်းက ဝက်လက်မြိုနယ်၊ မြင်းသီကျေးရွာရဲ့ အရှေ့ဘက်မှာ ဆိုင်ကယ်စီးသွားလာနေတဲ့ အမျိုးသမီးတစ်ဦး၊ ဇွန်(၄)ရက် ညနေပိုင်းက ကလေးမြိုနယ်၊ စည်သာကျေးရွာအနီး သွားလာနေတဲ့ အမျိုးသားတစ်ဦးနှင့် ဇွန်(၆)ရက် ညနေပိုင်းက ချောင်းဦးမြိုနယ်၊ ရွှေလှကျေးရွာအနီး သွားလာနေသူ အမျိုးသား ရှစ်ဦး၊ စုစုပေါင်း ပြည်သူ (၂၁)ဦး ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အနှံ့ တောရောမြို့ပါမကျန် စစ်အုပ်စုက ထင်တိုင်းကျဲ ရမ်းကား သောင်းကျန်းနေလို့ အများပြည်သူ အနေနဲ့ သတိထား သွားလာကြဖို့ လိုတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံတွေက အချင်းချင်း သတိပေးပါတယ်။


Mandalay Free Press - MFP

ရွှေဘိုမှာ အမျိုးသမီး (၄)ဦး အပါအဝင် ဆိုင်ကယ်စီးလာတဲ့ လူငယ် (၉)ဦးကို စစ်အုပ်စုက ပစ်သတ် ရွှေဘိုမှာ အမျိုးသမီး (၄)ဦး အပါအဝင် ဆိုင်ကယ်စီးလာတဲ့ လူငယ် (၉)ဦးကို စစ်အုပ်စုက ပစ်သတ် Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.