စစ်ကောင်စီတပ်မှလေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်နေသည့်ကြားမှ စခန်းကိုတိုက်ခိုက်သိမ်းပိုက်မီးရှို့၊နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်မှ ၅၀ကျော်သေနိုင်ဟု ခန့်မှန်း
မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်စခန်း ဥကရစ်ထစခန်းကို ယနေ့ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောကြားသည်။
“စခန်းသိမ်းတာတော့ ရတယ်။ နယ်မြေ ရှင်းလင်းတာတော့ မပြီးသေးဘူး”ဟု ၎င်းက ယနေ့ ညပိုင်း၌ ပြောကြားသည်။
ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်မှူး တစ်ဦးဖြစ်သည့် ဗိုလ်စလုံးကလည်း “ (စခန်း)သိမ်းနိုင်နေပြီ။ မီးကတော့ ရှို့နေပြီ။ ဒါပေမဲ့ နယ်မြေ ရှင်းလင်းမကုန်နိုင်သေးဘူး။ ကျွန်တော်တို့ဘက်မှာလည်း ထိတယ်။ သူတို့ဘက်မှာက မသိရသေးဘူး နယ်မြေရှင်းလင်းရေးမပြီးသေးလို့”ဟု ယနေ့ ညပိုင်း၌ ပြောသည်။
အဆိုပါ ဥကရစ်ထစခန်းကို ဇွန်လ ၂၆ရက်မှစ၍ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များက သုံးရက်ဆက်အပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်ပြီးဇွန်လ ၂၈ရက်ညနေပိုင်း၌ ဥကရစ်ထစခန်းကို ရရှိခဲ့ခြင်းဖြစ်သည်။
KNU ဗဟိုတာဝန်ရှိသူတစ်ဦးကမူ စခန်းရရှိသည့် သတင်းကိုကြားရသော်လည်း အသေအချာအတည်မပြုနိုင်သေးဘူးဟု ပြောသည်။
“ သတင်းက သဲ့သဲ့ကြားရတယ်။ ဒါပေမဲ့ လေတပ်က လာပစ်တာတော့ သေချာတယ်။ ညနေမှာ အများကြီးပဲ။ ၇နာရီလောက်မှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
KNDO တပ်မှူး ဗိုလ်စလုံးကလည်း “ အားလုံး လေယာဉ် ၉ ခေါက်လာပစ်တယ်။ စခန်းသိမ်းတဲ့အချိန်မှာ ။ အခုက မီးလောင်သွားပြီ စခန်းမီးရှို့နေပြီ”ဟု ပြောသည်။
စစ်ကောင်စီတပ်လေကြောင်းမှအကြိမ်ရေများစွာလာရောက်တိုက်ခိုက်နေသည့်ကြားမှပူးပေါင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်က ပြောသည်။ ယခုတိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့မှထိခိုက်ကျဆုံးမှုရှိသော်လည်း စစ်ကောင်စီတပ်က ၅၀ခန့် ကျဆုံးနိုင်သည်ဟု သိရကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေတွင် ယခု ဥကရစ်ထစခန်းအပါအဝင် စစ်ကောင် စီတပ်စခန်း ရဲစခန်းခြောက်ခုထက်မနည်းကို ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
People's Spring

No comments:
Post a Comment