ဥကရစ်ထစခန်း တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက်က လေယာဉ်နဲ့ အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်

 


ဝေါ်လေ၊ ဇွန် ၂၉

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဝေါ်လေမြို့အနီးက ဥကရစ်ထကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA KNDO ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်းများစွာပြုလုပ်ခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းထံကနေ သိရပါတယ်။

တိုက်ပွဲရဲ့လေးရက်မြောက်နေ့မှာတော့ စစ်ကောင်စီရဲ့ ဥကရစ်ထတပ်စခန်းကို သိမ်းပိုက်ရရှိနိုင်ဖို့ KNLA KNDO ပူးပေါင်းတပ်တွေက ကြိုးစားနေပြီး စစ်ကောင်စီဘက်ကလည်း တပ်အင်အားတွေထပ်မံတိုးလာတဲ့အပြင် လေကြောင်းပစ်ကူတွေလည်း ဒီကနေ့ ဇွန် ၂၉ ရက်နေ့မှာလည်း အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က ပြောပါတယ်။

"တိုက်ပွဲဖြစ်ပွားနေတဲ့ကာလပါ။ နောက်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ရှိနေတယ်။ အကြိမ်ရေတော်တော်များတယ်။ အကြိမ် ၃၀ အထက်ရှိတယ်" လို့ ကော်ဘရာစစ်ကြောင်းပြောခွင့်ရသူက ဆိုပါတယ်။

မနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်ရရှိနိုင်တာမဟုတ်ဘဲ စစ်ကောင်စီရဲ့ ဘန်ကာထားရှိတဲ့ရွာကိုပဲ သိမ်းပိုက်နိုင်သေးတာဖြစ်တယ်လို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KNDO အထူးကွန်မန်ဒိုတပ်ရင်းက ထောက်ပို့ဖြစ်သူ မကေက ပြောပါတယ်။ 

"အခုတိုက်ပွဲဟာ မပြီးသေးပါဘူး။ မနေ့က စခန်းသိမ်းနိုင်တာမဟုတ်ဘူး။ မနေ့တုန်းက ရွာပေ့ါ။ သူတို့ ဘန်ကာတွေထားထားတဲ့ရွာကိုပဲ သိမ်းနိုင်သေးတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာအခုထပ်သိမ်းရဦးမှာ။ ဒီနေ့ကလည်း မနက် ၃ နာရီကတည်းကနေ တိုက်နေရတာ အခုချိန်ထိမပြီးသေးပါဘူး။ ဒီနေ့ဆိုလို့ရှိရင် တိုက်ပွဲကလေးရက်မြောက်ပါ။ ကျည်ဆံပေါင်း သောင်းပေါင်မြောက်များစွာကုန်နေပါပြီ" လို့ သူက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ ဥကရစ်ထတပ်စခန်းကို အလွယ်တကူမသိမ်းပိုက်နိုင်သေးတာဟာ ပထဝီစစ်ရေးအနေအထားနဲ့ စစ်တပ်ရဲ့တပ်ဖြန့်ခွဲမှုတွေကြောင့် ခက်ခဲတဲ့အနေအထားတွေဖြစ်ပြီး ဒီလိုအခက်အခဲတွေကြားကနေ ဒီလောက်အထိလုပ်ပြနိုင်တဲ့ KNDO ရဲ့စစ်ရေးကတော့ ချီးကျူးစရာပဲလို့ CDM ဗိုလ်ကြီးလင်းထက်အောင်က သူ့ရဲ့လူမှုကွန်ယက်မှာ မှတ်ချက်ရေးသားထားပါတယ်။ 

"ဥကရစ်ထက သူ့အနားမှာတင် စုကလိ ပွိုင့် ၆၂၆ ဝေါ်လေဗျူဟာကုန်းတို့ တည်ရှိနေတာပါ။ လေယာဉ်ပစ်ကူမလာနိုင်ရင်တော့ အနီးကစခန်းတွေရဲ့ စစ်ကူပစ်ကူဟာ အချိန်တိုအတွင်း ချက်ချင်းရနိုင်တဲ့ အနေထားပါ။ မြေပြင်က စစ်ကူပစ်ကူကို မဟန့်တားနိုင်ရင် စခန်းသိမ်းနိုင်ရင်တော့ သေဘောဘိုးလို ပုံရိပ်တွေနဲ့သတင်းတွေရဖို့က မလွယ်ကူတဲ့အနေထားဖြစ်နေတဲ့သဘောပါပဲ။ အခုတိုက်ခိုက်မှုက ဝေါ်လေကတပ်တွေကို တုန်လှုပ်ခြောက်ခြားစေမှာတော့ သေချာပါတယ်။ အဲ့လိုအခက်အခဲတွေကြောင့် စခန်းကိုအလွယ်တကူ မသိမ်းနိုင်သေးတာလို့ အကြမ်းဖျဉ်းသုံးသပ်လို့ရပါတယ်။ ပထဝီစစ်ရေးအနေအထားအရကော စစ်တပ်ရဲ့တပ်ဖြန့်ခွဲမှုတွေကြောင့်ရော အခုလောက်ထိ ခက်ခဲတဲ့အနေအထားပါ" လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က မှတ်ချက်ရေးသားထားပါတယ်။ 

လတ်တလော ဥကရစ်ထတိုက်ပွဲမှာတော့ နှစ်ဖက်တပ်ဖွဲ့တွေအကြား ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုတွေများပြား​နေပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူကို ပိုမိုအသုံးပြုနေတယ်လို့ KNLA KNDO ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။


သတင်း-သံလွင်တိုင်းမ်


ဥကရစ်ထစခန်း တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက်က လေယာဉ်နဲ့ အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက် ဥကရစ်ထစခန်း တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက်က လေယာဉ်နဲ့ အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက် Reviewed by THITHTOOLWIN on 23:09 Rating: 5

No comments:

Powered by Blogger.