နန်းပေါ်လုံကျေးရွာက နေအိမ်တွေ ထပ်မံ မီးရှို့ခံရ

ဓာတ်ပုံ - ဖယ်ခုံ PDF တပ်ရင်း ( ၂ )

ဖယ်ခုံမြို့ နယ် နန်းပေါ်လုံကျေးရွာက နေအိမ် ၃ လုံး ယမန်နေ့ ( ဇွန်လ ၂၁ရက်နေ့ ) ည ၇နာရီဝန်းကျင်အချိန်မှာ ထပ်မံ မီးရှို့ခံရတယ်လို့ ဖယ်ခုံ  PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ အဲ့ဒီ နန်းပေါ်လုံရွာက အရင်ကတည်းက စစ်တပ်ရောက်ထားပြီးသားပဲလေ။ အဲ့တာ ရှေ့ကို ဆက်တိုးမလာပဲ။ အဲ့ဒီရွာတွေမှာပဲ အရင်ကတည်းက။ နှစ်လုံးသုံးလုံး မီးထပ်ရှို့တယ်။ အများကြီးတော့ မဟုတ်ဘူး။ သုံးလေးကြိမ်လောက်ရှိပြီ မီးရှို့ခံရတာ။ ဘားမှ တိုက်ပွဲမဖြစ်ဘူး။ မဖြစ်တဲ့ ကြားထဲမှာမှ သူတို့တွေ အိမ်တွေ တံခါးတွေ လိုက်ဖွင့်တယ်။ ပစ္စည်းတွေယူတယ်။ ထွန်စက်တွေယူတယ်။ ပြောင်းမျိုးအိတ်တွေ၊ မြေဩဇာတွေ သူတို့အဲ့လိုမျိုးတွေကအစ နေအိမ်က သူတို့ လိုချင်တဲ့ စက်ပစ္စည်းတွေ၊  တခြားပစ္စည်းတွေအကုန်လုံးကို ယူတယ်။ အဲ့လိုမျိုးတွေ ယူပြီးတော့ မီးရှို့သွားတာဗျ။ “ လို့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ် ) ကို ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာရှိတဲ့ လွယ်ပေါကျေးရွာအုပ်စုဟာ ပြီးခဲ့တ့ မေလကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီး ဒေသခံနေအိမ်တွေ မီးရှို့ခံနေရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ ဆောင်နန်းခဲကျေးရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရပါတယ်။ မေလ ၂၀ ရက်နေ့မှာ လွယ်ပေါကျေးရွာ၊ နန်းပေါ်လုံကျေးရွာ၊ နန်းဆွန့်ကျေးရွာက နေအိမ် မီးရှို့ခံခဲ့ရပြီး မေလ ၂၆ရက်နေ့မှာ မခေခမ်းကျေးရွာကို မီးရှို့ခဲ့ပြီး လဟယ်ကျေးရွာဟာ မေလ ၂၅ရက်နေ့မှာတစ်ကြိမ်၊ ဇွန်လ ၃ရက်နေ့မှာ တစ်ကြိမ် မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ လွယ်ပေါကျေးရွာအုပ်စု ဖြစ်တဲ့ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ မခေခမ်း၊ လဟယ်၊ ပီနွဲ့ကုန်း၊ နန်စွပ်ကျေးရွာတွေမှာ နေအိမ် ၈၀ ထက်မနည်း မီးလောင်သွားပြီး ဒေသခံတွေဟာလည်း နေရပ်မပြန်နိုင်သေးပဲ စစ်ဘေးရှောင်နေရပါတယ်။ နေအိမ်မီးရှို့မခံရတဲ့ ဒေသခံနေအိမ်တွေဟာလည်း ဖောက်ထွင်းခံရပြီး ပစ္စည်းခိုးယူခြင်းလည်း ခံနေရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်နေ့မှာလည်း ကျေးရွာတွေထဲ ဒေသခံ ပစ္စည်းတွေ သယ်ဆောင်သွားတဲ့ စစ်ကောင်စီတပ်တို့နဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဖယ်ခုံ  PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

“လွယ်ပေါရဲ့ မြောက်ဘက်မှာ PNO တွေပေါ့။ PNO တွေများတယ်။ အဲ့ဒီနားကနေပြီးတော့ ရွာထဲမှာ ပစ္စည်းတွေ ဝင်တိုက်တယ်။ စစ်တပ်က ရှေ့က တိုးတယ်။ PNO တွေက နောက်ကနေ ပစ္စည်းတွေကို ကားသုံးစီးနဲ့ တိုက်တယ်။ ကိုင်းစက်တွေပါတယ်။ နောက်ထပ် မြေဩဇာအိတ်တွေ ကြိုတင်ဝယ်ထားတဲ့ဟာ မှန်သမျှတွေ အဲ့လိုမျိုး သယ်တယ်။ သယ်သွားတဲ့ ကားကို ကျနော်တို့ ပစ်လိုက်တာကတော့ ၆ ယောက်လောက်ထိသွားတယ်။ လေးယောက်လောက်က အဲ့မှာ အနီးကပ်ဆိုတော့ ကြည့်လိုက်ရတာကတော့ မလှုပ်နိုင်တော့ဘူးဆိုတော့ သေဖို့များတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။ 

သေဆုံးသွားသူတွေဟာ စစ်ကောင်စီတပ်သားတွေဝတ်တဲ့ ဝတ်စုံမဟုတ်တဲ့အတွက် PNO စစ်သားတွေ ဖြစ်ဖို့များတယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဟာ တပ်ဆုတ်သွားတာ မရှိသေးပဲ လဟယ်ကျေးရွာရဲ့ မြောက်ဘက်မှာရှိတဲ့ လွယ်မကူးတောင်မှာ တပ်စွဲထားတယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူက ပြောပါတယ်။ 


Kantarawaddy Times 

နန်းပေါ်လုံကျေးရွာက နေအိမ်တွေ ထပ်မံ မီးရှို့ခံရ နန်းပေါ်လုံကျေးရွာက နေအိမ်တွေ ထပ်မံ မီးရှို့ခံရ Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.