ဆားလင်းကြီး၊ ဇွန် ၂၃၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းကို ဇွန်လ ၂၃ ရက် ဒီမနက်အစောပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ဒီမနက် ၂ နာရီခွဲလောက်မှာ ရဲစခန်းရဲ့ အနောက်ဘက်ပိုင်းကနေ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့ဝင်တွေက ၁၂၀ မမ လက်နက်ကြီးနဲ့ ၁၁ လုံးခန့် ပစ်ခတ်တိုက်ခဲ့တာလို့ အဲ့ဒီအဖွဲ့ရဲ့ ဝာာဝန်ခံက ပြောပါတယ်။
“ကျနော်တို့ ရဲစခန်းရဲ့ အနောက်ဘက် တမိုင်ခွဲလောက်ကနေ ချိန်ပြီး တိုက်ခဲ့ပါတယ်၊ ပစ်ခတ်ချိန်က ၁ နာရီကျော်ကြာ ပစ်ခတ်ခဲ့တယ်၊ ရဲစခန်းရဲ့ ရုံးပတ်ဝန်းကျင်မှာ ၃ လုံး တိတိကျတယ်၊ စခန်းအတွင်းမှာ ရဲအင်အားနဲ့ စစ်သားအင်းအား ဘယ်လောက်ရှိလဲဆိုတာကိုတော့ အတိအကျ မသိရဘူး၊” လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် စခန်းအတွင်း ကင်းပတ်နေတဲ့စစ်သားတွေထဲက ၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ အနီးကပ် ကင်းထောက်နေတဲ့ ရဲဘော်တွေက ခန့်မှန်းထားပေမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲ (၂) နဲ့ တပ်ခွဲ (၄) က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စခန်းအတွင်းကနေ လက်နက်ကြီးနဲ့ ၃ လုံးခန့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေအနေနဲ့ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
လက်ရှိ ဆားလင်းကြီးမြို့နယ်အတွင်းမှာ ရဲအင်းအား ၂၀ ကျော်၊ စစ်သားအင်အား ၁၀၀ ကျော်ရှိနေပြီး၊ မြို့တွင်း ကင်းပုန်းဝတ်တာတွေနဲ့ ကင်းလှည့်စစ်ဆေးတာတွေ လုပ်ဆောင်လျှက်ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါအပြင် ဇွန်လ ၁၉ ရက်ကလည်း ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ကောင်စီဒေါက်တိုင် MPT တာဝါတိုင် တခုကို ဖျက်ဆီးပစ်ခဲ့သေးတယ်လို့ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment