ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး


စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့ မှ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ၄ ကြိမ်အထိဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ကသာနယ်သို့ ကုန်းကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အင်းကြီးလောင်းတော်ဦးဘုရားအနီးတွင် တစ်ကြိမ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ကသာ ကားကြီးကွင်းအနီး၌ တစ်ကြိမ်နှင့် ခြောက်မျက်နှာညောင်ပင်ကွင်းအနီးတွင် တစ်ကြိမ်၊ ဇွန်လ ၁၈ ရက်နေ့တွင် အလယ်ကျွန်းကျေးရွာအနီးတွင်တစ်ကြိမ် ‌စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တစ်ပတ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ထို့သို့ နှစ်ဖက် ထိတွေ့တိုက်ပွဲကြောင့် စစ်တပ်ဘက်မှ ၁၀၀ ဝန်းကျင် သေဆုံးကာ၊ ကသာ (ပကဖ) မှ ၁ ဦး အရပ်သားပြည်သူ ၄ ဦး သေဆုံးကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“အင်ကြင်း ပင်ဘက်ကနေပြီးတော့ ဆင်းလာတဲ့ စစ်‌ကြောင်းကို တံခွန်တိုင်လောင်းတော်ဦးဘုရားအနီးမှာ‌ စောင့်ပြီး မိုင်းဆွဲပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ အဲ့တိုက်ပွဲမှာ ရွှေလီရဲ့အရှေ့ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့က တံခွန်တိုင်မှာ တိုက်ပွဲဖြစ်တဲ့ဘက်ကို လက်နက်ကြီးပစ်ကူတာ လောင်းတော်ဦးဘုန်းကြီးကျောင်းကို ပစ်ထည့်တဲ့အတွက် အရပ်သား အမျိုးသားလေးဦး သေဆုံးပြီး နှစ်ဦးက အပြင်းအထန် ဒဏ်ရာရသွားတယ်။ အဲ‌ကနေ စပြီး တိုက်ပွဲ စဖြစ်တယ်”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောင်းတော်ဦး ဘုရားကုန်းအနီး တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းသည် စစ်အင်အားဖြည့်တင်း၍ ဆက်လက်ချီတက်လာရာ ဇွန် ၁၇ ရက်နေ့တွင် ကသာ ကားကြီးကွင်းအနီးနဲ့ ခြောက်မျာက်နှာ‌ ညောင်ပင်ကွင်းအနီးတွင် နှစ်ကြိမ် တိုက်ခိုက်ခံရပြီး နှစ်ဖက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။

“အဲ့ဒီစစ်ကြောင်းက ကျန်တဲ့အဖွဲ့တွေနဲ့ထပ်ပေါင်းပြီးတော့ ဆက်ပြီးဆင်းလာတယ် ကသာကားကြီးကွင်း အနီးမှာတိုက်ခံရပြီး အဲ့ဒီမှာတော့ နှစ်ဆယ့်ငါးယောက်‌လောက်ကျတယ်။ အဲ့တာနဲ့သူတို့ဆက်ပြီးဆက်ပြီး ထိုးလာတာကို ခြောက်မျက်နှာညောင်ပင်ကွင်း အနီးမှာထပ်ပြီးတော့မှ တစ်ခါတိုက်ပွဲဖြစ်တာ အဲ့မှာ လည်းသူတို့ဘက်က သုံးဆယ်လောက်ကျပြီးကျွန်တော်တို့ ဘက်ကရဲဘော်တစ်ယောက်ကျဆုံးသွားတယ် “ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင်လည်း ရှမ်းမြောက် ၁၂၁ တပ်မှ ထွက်လာသည့် စစ်ကြောင်းသည် ရွှေလီတံတား ကူးဖြတ်၍ စစ်ကြောင်းထိုးလာရာ ပြည်သူ့ကာကွယ်ရေးတပ်များမှ အလယ်ကျွန်းကျေးရွာအနီးတွင် အသင့်စောင့်ဆိုင်း၍ မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဘက်က ၂၈ ဦးသေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်အတွက် စစ်ကြောင်းထပ်မထိုးတော့ပဲ တပ်ဆုတ်သွားသည့်အတွက် ယနေ့ထိ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း သိရသည်။

ယင်းတိုက်ပွဲလေးကြိမ်တွင် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ကသာခရိုင်တပ်ရင်း(၃)၊ ABSDF၊ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ မဟာမိတ်များနှင့် EA0s များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကျဆုံးမှုမှာ ဇွန်လ ၁၁ ရက်နေ့က အယောက် ၃၀ ခန့်၊ ဇွန်လ ၁၇ ရက်နေ့က တိုက်ပွဲ နှစ်ကြိမ်တွင် ၅၅ ဦးနှင့် ဇွန်လ ၁၈ ရက်နေ့တွင် ၂၈ ဦး စုစုပေါင်း ၁၁၀ ကျော်အထိ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စာရင်းအရ သိရသည်။


Kachin News Group

ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး Reviewed by THITHTOOLWIN on 00:11 Rating: 5

No comments:

Powered by Blogger.