● စခန်းကို အပြီးမသိမ်းနိုင်သေးသော်လည်း သိမ်းပိုက်ရန် အခြေအနေကောင်းများရှိဟုဆို (ရုပ်သံ)
ဝေါလေ၊ ဇွန် (၂၈)
ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ အကြမ်းဖက်စစ်တပ်၏ ဥကရစ်ထစခန်းကို ဇွန်လ (၂၆) ရက်နေ့နံနက်က စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ညနေပိုင်းတွင် သိမ်းပိုက်လိုက်နိုင်ပြီဟု မီဒီယာအချို့က ရေးသားနေကြသော်လည်း အပြီးမသိမ်းပိုက်နိုင်သေးကြောင်း Venom စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ အတည်ပြုသည်။
ထိုစခန်းကုန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၏ စစ်ကြောင်းမှူးစောဝင်းမြင့်ဦးဆောင်သည့် အထူးကွန်မန်ဒို VENOM စစ်ကြောင်းနှင့် Cobra ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းစစ်ကူဖြင့် ယနေ့ညပိုင်းအထိ အဆက်မပြတ်ပစ်ခတ်ခဲ့သည်။
ယနေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ (၂၀) ဦးဝန်ကျင် သေဆုံးခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့်ဗုံးအဆက်မပြတ်ကျဲနေသဖြင့် အပြီးသတ် မသိမ်းပိုက်နိုင်သေးသော်လည်း သိမ်းနိုင်ရန်အခြေအနေကောင်းများရှိသည်ဟု ပါဝင်ကူညီနေသူများက ဆိုသည်။
ထိုတိုက်ပွဲ၌ တော်လှန်ရေးရဲဘော် (၂) ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ကနဦးသတင်းများအရ သိရပြီး အသေးစိတ်အချက်အလက်များကို လူငယ့်ခေတ်အနေဖြင့် ဆက်လက်တင်ပြပေးသွားပါမည်။
စစ်ကောင်စီ၏ အဆိုပါစခန်းသည် အဓိကလမ်းမဘေး၌တည်ရှိပြီး ရဟတ်ယာဉ်ပါ ဆင်းသက်နိုင်သည့် စခန်းတစ်ခုလည်း ဖြစ်သည်။
Lu Nge Khit

No comments:
Post a Comment