လက်ပံတောင်းတောင်က ရွာ ၂ ရွာကို စစ်တပ်က မီးဝင်ရှို့ပြီး ရွာသားတချို့ကို ရိုက်သတ်၊ သေတဲ့ အလောင်း ၅ လောင်းကို တုံအလည်ရွာတွင် စုပုံထား


(မုံရွာ) ဇွန်လ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသအား စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး တုံရွာ (ရွာမ) နှင့် တောကျောင်းကျေးရွာတို့ကို မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သားများမှာ ရွာများကို မီးတင်ရှို့ရင်း တုံရွာ (ရွာမ) ရွာသားတချို့ကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် ရွာသား ၅ ဦး သေဆုံးခဲ့ပြီး အဆိုပါ ဒေသခံများ၏အလောင်းများကို တုံအလည်ရွာ၏ အိမ်တစ်ခုရှေ့တွင် စုပုံထားကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ၂၃ရက်နေ့ထဲက ဝမ်ပေါင်ကုမ္မဏီထဲမှာနေတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ ချင်းတွင်းမြစ်ထဲက သင်္ဘောတွေနဲ့ တက်လာတဲ့စစ်ကြောင်း ၂ ကြောင်း ရွာကိုဝင်လာတာ။ နေ့ခင်းဘက်မှာ ညောင်ပင်ကြီး ရဲစခန်းအနောက်မှာ စစ်ကြောင်းအင်အားတွေစုပြီး စစ်သားအင်အား၂၀၀ ရာကျော်လောက်နဲ့ရွာကိုဝင်စီးတာဟု ဆားလင်းကြီးမြို့နယ်၊ တုံရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သူမက ဆက်လက်ပြီး တုံရွာအုပ်စု၊ တောကျောင်းရွာကို စစ်တပ်က အရင်ဝင်တာ။ အဝေးကနေ လက်နက်ကြီးတွေနဲ့ပစ်ပြီး အနီးကပ်လည်း သေနက်တွေနဲ့ပစ်ပြီးဝင်လာတာ။ စဝင်တဲ့အချိန်မှာလည်း သေနက်မှန်ထားတာ ၅ ယောက်လောက်ရှိတယ်။ အခုမနက် ၆ နာရီလောက်မှာ တောကျောင်းရွာက အိမ် ၁၆၅ အိမ်ကို မီးရှိုသွားတယ်။ တုံရွာကလည်း အိမ်ခြေ ၂၀၀ နီးပါး စစ်တပ်မီးရှို့လို့ မီးလောင်သွားတယ်။ ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ဘုန်းကြီး ကျောင်းထဲမှာ နှိပ်စက်ရိုက်နက်ပြီး စစ်မေးနေတယ်။ သူတို့နှိပ်စက်နေရင်း သေဆုံးတဲ့ အလောင်း ၅ လောင်းကိုတော့ တုံအလည်ရွာက အိမ်တစ်အိမ်ရဲ့အရှေ့မှာ လာပုံနေတယ်ဟု ပြောသည်။

လက်ရှိတွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက် ဆီးနေသောကျေးရွာများမှာ တရုတ်ဝမ်ပေါင် ကြေးနီတူးဖော်ရေးစီမံကိန်းနှင့် အနီးဆုံးကျေးရွာများဖြစ်ပြီး စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများဖြစ်သည်။ 

စစ်ကောင်စီတပ်က ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်း စခန်းချတပ်စွဲ၍ အနီးနားရှိကျေးရွာများကို ဝင်ရောက် စီးနင်း အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်နေသည့် အတွက် ဒေသခံ PDF အဖွဲ့တချို့မှ ဝမ်ပေါင်စီမံကိန်းအား အဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်က စီမံကိန်းအနီးရှီ ကျေးရွာများ ဖြစ်သော ဆည်တဲ၊ ဖောင်းကလာ၊ မိုးကြိုးပြင်၊ တုံရွာ၊ တောကြောင်း၊ ရွာသစ်၊ ဝဲကြီးစသော ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က တုံရွာ (ရွာမ) ကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီး ဒေသခံ ၂၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆည်တဲရွာသစ်နှင့် ဖောင်းကလာကျေးရွာများကို ဝင်ရောက် စီးနင်းနေကြောင်း သိရသည်။ 

တုံရွာ (ရွာမ) နှင့် တောကျောင်းဒေသခံတချို့မှာ မီးလောင်နေသည့်နေအိမ်များကို ဝိုင်းဝန်း၍ မီးငြှိမ်းသတ် နေကြောင်း သိရသည်။


Ayeyarwaddy Times 

လက်ပံတောင်းတောင်က ရွာ ၂ ရွာကို စစ်တပ်က မီးဝင်ရှို့ပြီး ရွာသားတချို့ကို ရိုက်သတ်၊ သေတဲ့ အလောင်း ၅ လောင်းကို တုံအလည်ရွာတွင် စုပုံထား လက်ပံတောင်းတောင်က ရွာ ၂ ရွာကို စစ်တပ်က မီးဝင်ရှို့ပြီး ရွာသားတချို့ကို ရိုက်သတ်၊ သေတဲ့ အလောင်း ၅ လောင်းကို တုံအလည်ရွာတွင် စုပုံထား Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.