ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ


June 30, 2022

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးဖွဲ့တစ်ခုဖြစ်သည့် စစ်ကိုင်းအထူးတပ်ဖွဲ့တို့ကြား ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး တပ်သားအချို့ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် မှ သိရသည်။

ဗန်းမောက်မြို့နယ် သောင်ကြီးကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၄ ရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ဇွန် ၂၈ ရက်တစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၂ဦး သေဆုံး၍  ၆ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖြစ်တာကတော့ တောင်ကြီးကျေးရွာမှာဖြစ်ပွားတာပါ ၂၆ ရက်နေ့ကနေစပြီးပစ်ကြတာ အခုထိပေါ့။ ဒီနေ့လည်း မနက်ခင်း လေးနာရီလောက်ကနေ ညနေ ၅ နာရီလောက်ထိ ပစ်ခတ်မှုတွေ ဖြစ်တယ်။ နား လိုက်ပစ်လိုက်ပုံစံမျိုးပဲ နာရီပိုင်းလောက်နားပြီး ဆက်ပစ်ကြတာ ၄ ရက်ဆက်တိုက်ပေါ့။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်တာဘာ မှမရှိဘူး ဟိုဘက်ကတော့ အသေပျောက်တွေရှိတယ်ဗျ ဒါပေမယ့်ခုလောလောဆယ်စာရင်းအသိအကျပြောပြလို့ မရသေးတာပဲရှိတယ်ဗျ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့အပြင် နှစ်ဖက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လတ်တလော သောင်းကြီးကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများဖြစ်သည့် စီးမော်ရွာ၊ ဗေပင်ရွာ၊ကျောက်အိုင်ရွာ၊သောင်ကြီးရွာ ၊နားစင်းလုံရွာနှင့် ချောင်းပေါက် ကျေးရွာမှ အိမ်ခြေ ငါးရာနီးပါး လူဦးရေ ၂၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“သူတို့ကဘယ်လိုနေရာတွေမှာနေလဲဆိုတော့ ဘုန်းကြီးကျောင်းတို့၊ ပြီးရင်ရွာနဲ့ဝေးတဲ့တောင်တွေဘာတွေကာ ထားတဲ့ရွာတွေမှာ ကျေးရွာဘုန်ကြီးကျောင်းတွေမှာ ပြီးနီးစပ်ရာလွတ်တဲ့ကျေးရွာတွေကနေအိမ်တွေမှာ ပြောင်းနေကြပါတယ် အဲ့ဒီခြောက်ရွာကတော့ ရွာထဲမှာမရှိတော့ဘူး သောင်ကြီးကတော့ဘုန်းကြီးကျောင်းမှာပဲ တိမ်းရှောင် နေကြတယ်တဲ့” ဟုဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီးဖြင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်နေသည့် သောင်ကြီးကျေးရွာသည် ဗန်းမောက်မြို့မှ ဆယ်မိုင်ကျော် ခန့်သာကွာဝေးပြီး ယင်းပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ရှမ်းနီတပ် (SNA) လည်း ပါဝင်ပတ်သက်နေကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

သို့သော်လည်း ဗန်းမော်မြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီဘက် ရှမ်းနီအမျိုးသားများတပ်မတော် SNA မှ ပါဝင်နေသည်ဟူသော PDF အဖွဲ့၏ ရေးသားထုတ်လွှင့်နေမှုများမှာ အခြေအမြစ်မရှိသော ဝါဒဖြန့်မှု သက်သက်သာဖြစ်ကြောင်း SNA တာဝန်ရှိသူတစ်ဦးက The Voice of Shan-Ni သတင်းတွင် ဇွန်လ ၂၇ ရက်နေ့တွင် ဖော်ပြထားသည်။


Kachin News Group 

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ Reviewed by THITHTOOLWIN on 22:11 Rating: 5

No comments:

Powered by Blogger.