ချောင်းဦးနယ် ညောင်ပင်တဲကျေးရွာမှပြည်သူ ၅ဦး သတ်ဖြတ်ခံရ


စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၀ရက် ယနေ့ နံနက်ပိုင်း အချိန်တွင် ဒေသခံပြည်သူ အမျိုးသား ၅ဦးကို သတ်ဖြတ်သွားကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ 

စစ်အင်အား၇၀ခန့်ပါရှိသော စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဇွန်လ၁၈ရက်နေ့ ညောင်ပင်တဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး ဇွန်လ ၁၉ရက်နေ့တွင် ဒေသခံအမျိုးသား၅ဦးနှင့် အမျိုးသမီး၃ဦး စုစုပေါင်း ၈ဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် ယနေ့တွင် အမျိုးသား ၅ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

"အမျိုးသား ၅ယောက်ထဲက ၂ယောက်ကတော့ တူတွေဘာတွေနဲ့ထုပြီး ရိုက်သတ်ထားကို တွေ့ရတယ်။ အဲ့ဒီနှစ်ယောက်ကိုတော့ ပြောင်းခင်းထဲမှာ ဒရွတ်တိုက်ဆွဲပြီးတော့ မီးရှို့သွားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ အိမ်ထဲမှာပဲမီးရှို့ထားခဲ့တယ်။ ကျန်တဲ့တစ်ဦးကတော့ သူတို့နှိပ်စက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားပြီး နားထင်မှာတစ်ချက် ဗိုက်မှာတစ်ချက် ပစ်သတ်ခံထားရတယ်"ဟုပြောဆိုသည်။

အဆိုပါသတ်ဖြတ်ခံရသည့် အမျိုးသား ၅ဦးသည် ညောင်ပင်တဲရွာသားများဖြစ်ပြီး အသက်၄၀ ဝန်းကျင် အရွယ်များဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ၈ဦးတွင် အမျိုးသားများကိုသာသတ်ဖြတ်ခဲ့ပြီး ကျန်အမျိုးသမီး၃ဦးကိုတော့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့ကြောင်း ဒေသခံပြည်သူများပြောဆိုချက်မှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံအမျိုးသား ၅ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် ညောင်ပင်တဲကျေးရွာမှ နေအိမ် တစ်လုံးကိုလည်းမီးတင်ရှို့ခဲ့သည်ဟုဆက်လက်သိရသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ညောင်ပင်တဲကျေးရွာအနီးမှ ရွာတော်လေးကျေးရွာအတွင်းသို့ ပြန်လည်ရောက်ရှိနေပြီး အဆိုပါ ရွာတော်လေးကျေးရွာမှ ဒေသခံပြည်သူများကလည်း ကျေးရွာမီးရှို့ခံရမည်ကို စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့သည် ယခုလ ဇွန်လ ၁၄ရက်တွင်လည်း တောကျောင်းလေးရွာ၏ လူနေအိမ် ၁၀၀ ဝန်းကျင်ကို မီးရှို့ပျက်ဆီးသွားပြီး ဒေသခံပြည်သူ ၄ဦးလည်း သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပါသည်။


Kachin News Group 

ချောင်းဦးနယ် ညောင်ပင်တဲကျေးရွာမှပြည်သူ ၅ဦး သတ်ဖြတ်ခံရ ချောင်းဦးနယ် ညောင်ပင်တဲကျေးရွာမှပြည်သူ ၅ဦး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 00:31 Rating: 5

No comments:

Powered by Blogger.