ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား


စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအနီးတွင် ဒုရဲမှူးစိုးထွဋ်​ခေါင်အပါအဝင် ပျူစောထီးတို့အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ဒုရဲမှူးအပါ ပျူစောထီး ၁၄ ဦး အထိသေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ စစ်ကူအဖြစ် တက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ကံသစ်ကျေးရွာမှ ၉တန်းကျောင်းသားတစ်ဦးကို သတ်ပစ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဇွန်လ ၂၂ ရက် ယမန်နေ့တွင် ခင်ဦးမြို့မှ ရေဦးမြို့သို့သွားသည့် ရေဦးရဲစခန်း ဒုရဲမှူးစိုးထွဋ်ခေါင်ပါဝင်သော ကားလမ်းကြောင်းကို N.L.G.R.Fအဖွဲ့၊ ရောင်နီပြောက်ကျားတပ်ဖွဲ့၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အခြား Local အဖွဲ့အစည်းတို့က ကံသစ်ကျေးရွာ၏ အနောက်ဖက် မူးချောင်းတံတားအနီးတွင် စုပေါင်းတိုက်ခိုက်ခဲ့ပြီး ထိုနေရာတွင် ဒုရဲမှူးအပါ ပျူစောထီး ၁၄ဦးသေဆုံးသွားခဲ့ကြောင်းသိရသည်။

ထို့သို့ စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားခဲ့သဖြင့် ခင်းဦးမြို့ဘက်မှ စစ်ကူအဖြစ်တက်လာသော စစ်ကောင်စီယာဉ်တန်သည် ကံသစ်ကျေးရွာအနီးတွင် လယ်တောတစ်နေရာတွင် တွေ့ရသော ၉ တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွားသည်ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“ကာကွယ်ရေးအဖွဲ့တွေက ကြိုတင်စောင့်ဆိုင်း ပြီးတော့ ကံသစ်ကျေးရွာနားမှာ အဲ့ကားကိုရပ်ခိုင်းတယ်။ ရပ်ခိုင်းတာကိုမရပ်ပေးဘူး။ သေနတ်ထုတ်ပြီးမောင်းပြေးလို့ ကားသမားကို ပစ်လိုက်တာ။ သူတို့ကလည်း ကားပေါ်မှာ အောက်မဆင်းဘူး။ ပြန်ပစ်တာ အဲ့တာနဲ့ကာကွယ်ရေးတွေက ကားထဲကို လက်ပစ်ဗုံးပစ်တယ်။ ဒရုန်းနဲ့ပစ်တော့ ကားထဲပါတဲ့ဟာအကုန်လုံးကုန်တာပေါ့။ သူတို့ဘက်က အထိနာတော့ စစ်ကူအဖွဲ့ပြန်တက်လာတယ်။ အဲ့စစ်ကူလာတဲ့ အဖွဲ့က ကံသစ်ရွာရဲ့ စပါးခင်းထဲမှာတွေ့တဲ့ ကျောင်းသားတစ်ဦးကို ပြန်ပစ်သတ်သွားတာ”ဟုပြောဆိုသည်။

ဒုရဲမှူးအပါ ပျူစောထီးအဖွဲ့ပါလာသော ဖောကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပြီးနောက် ခင်းဦးမြို့ဘက်မှ စစ်ကူအဖြစ်တက်လာသော စစ်ကောင်စီယာဉ်တန်းအဖွဲ့နှင့် အခင်းဖြစ်ပွားသည့်နေရာတွင် ၁နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တပ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ဆိုခဲ့သည်။

“သေနတ်ကတော့ ၁၁ လက်ရခဲ့တယ်။ M3 သေနတ်မျိုးတွေပေါ့ အကောင်းစားသေနတ်ကြီးတွေပေါ့ မပါဘူး။ လက်ပစ်ဗုံးပါတယ်။ သူတို့ရဲ့ရုပ်အလောင်းတွေကိုတော့ ရေဦးနဲ့ ခင်ဦးဘက်ကနေ ၂ဖွဲ့ခွဲပြီး လာကောက်သွားတာဟုတ်တယ်။မနေ့ကဖြစ်တဲ့ တိုက်ပွဲကတော့ ကျနော်တို့အတွက် တတိယအကြိမ်မြောက် အောင်မြင်မှုအများဆုံးရတဲ့တိုက်ပွဲလို့ပြောလို့ရတယ်”ပြောဆိုသည်။

အဆိုပါကံသစ်ကျေးရွာ၏ လယ်တောအနီးတွင် ပစ်သတ်ခံလိုက်ရသည့် ကျောင်းသားသည် အသက် ၁၉နှစ်အရွယ်ရှိသူ မောင်လူမင်းခေါ်သူဖြစ်ပြီး စစ်ကောင်စီ ပညာရေးစနစ်ကို အလိုမရှိသည့်အတွက် ကျောင်းရပ်နားထားသည့် ၉တန်း ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

အလားတူပင် ခင်းဦးမြို့နယ်အတွင်း အာဏာသိမ်းပြီးနောက် ယခုနှစ် ဇွန်လ ၂၂ရက်နေ့အထိ ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်လိုက်သည့် ကျောင်းသား ၁၀ဦးခန့်ရှိသွားပြီး ထို ၁၀ ဦးထဲတွင် အသက် ၆နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ကြောင်းလည်း ဒေသခံများပြောပြချက်မှ ဆက်သိရသည်။

ယမန်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ခင်ဦးမြို့နယ်တွင် ဒုတိယအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီခဲ့သော ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင်လည်း ခင်ဦးရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀၅ ဦး ခန့်အထိသေဆုံးခဲ့ကြောင်းသိရသည်။

သတင်းတွင် မြင်တွေ့ရသော သတင်းဓါတ်ပုံများသည် ဒေသကာကွယ်ရေးတပ်စုပေါင်းတပ်တို့က ယမန်နေ့ ဒုရဲမှူးအပါ ပျူစောထီးအဖွဲ့ထံမှ သိမ်းယူခဲ့နိုင်သော လက်နက်ပစ္စည်းများဖြစ်ပါသည်။


Kachin News Group 

ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား Reviewed by THITHTOOLWIN on 00:13 Rating: 5

No comments:

Powered by Blogger.