ဇွန် - ၂၅
မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့က စစ်အုပ်စု လက်အောက်ခံ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနိုင် နှင့် ဇနီးဖြစ်သူတို့ မနေ့က ညဦးပိုင်းမှာ အိမ်ထဲဝင် ပစ်ခတ်ခံရပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကူမဲမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ပထမအကြိမ် ပစ်ခတ်ခံရဖူးပြီး အဲ့ဒီတုန်းက အသက်မသေဘဲ စစ်အုပ်စုက ပေးအပ်တဲ့ ရဲဗလဆုတံဆိပ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က ဇွန်(၂၄)ရက် ညဦးပိုင်းမှာတော့ ကူမဲမြို့ အမှတ်(၂)ရပ်ကွက် အုပ်ကြီးနှင့် ဇနီးဖြစ်သူတို့ကို နေအိမ်ထဲအထိ ဝင်ကာ ပစ်ခတ်သွားပြီး အုပ်ကြီးက ပွဲချင်းပြီး သေကာ ဇနီးဖြစ်သူကတော့ မြစ်သားဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို ပို့လိုက်ရတယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက ဆိုပါတယ်။
“သူတို့လင်မယားက အရင်ကလည်း တစ်ခါ အပစ်ခံရဖူးတယ်။ အဲ့တုန်းက မသေဘဲ စကစက ရဲဗလဘွဲ့ ပေးထားတာ။ မနေ့ညအစောပိုင်း အိမ်ထဲဝင် ပစ်သွားတာတဲ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မြစ်သား၊ ကူမဲနှင့် ကျောက်ဆည်နယ် အပါအဝင် မန္တလေးတိုင်းထဲ စစ်အုပ်စုက အရပ်သားပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာ၊ ငွေညှစ်တာတွေ ကျူးလွန်နေသလို စစ်အုပ်စုနှင့် ဆက်စပ်သူတွေလည်း ပစ်မှတ်ထား သုတ်သင်ရှင်းလင်း ခံနေရပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment