တမူးတွင် ပျူစောထီးအဖွဲ့ဝင်များက သုံးဘီးဆရာတစ်ဦးကို သေနတ်ဖြင့် ကိုးချက်ပစ်သတ်


တမူး - ဇွန် ၂၀၊ ၂၀၂၂။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက တမူးမြို့မှ သုံးဘီးယာဉ်မောင်းတစ်ဦးကို လိုက်လံပစ်သတ်ခဲ့ကြောင်းသိရသည်။ 

တမူးမြို့မ (၁၂/ခ) ရပ်ကွက် ပါဟဲတံတားအနီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဂိတ်တွင် ရပ်ပေးခြင်းမရှိသောကြောင့် သုံးဘီးယာဉ်မောင်းကို သေနတ်ကိုးချက်ဖြင့် ပစ်သတ်ခဲ့သည်ဟု တမူးမြို့နေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။ 

“သူအိမ်ပြန်တဲ့ချိန် ဂိတ်ကနေဖြတ်တော့ သူကလည်းကြောက်ရှာတာနေမှာပေါ့။ ဂိတ်တားတာကိုမရပ်ဘဲမောင်းမိလိုက်တာကို အဲ့ပျူတွေက သေနတ်ပစ်သတ်လိုက်တာ။ ပွဲချင်းပြီးပဲ။ အဲ့ရပ်ကွက်မှာက ပျူစောထီးတွေပဲရှိတယ်” ဟုပြောသည်။ 

ပစ်သတ်ခံရသော အမျိုးသားသည် တမူးမြို့တွင် နေထိုင်သော အသက် ၄၀ ‌ကျော်ခန့် ဦးဝင်းသင့် (ခ) ဦးရှည်ကြီးဖြစ်ပြီး သုံးဘီးတစ်စီးဖြင့် အငှားလိုက်သူတစ်ဦးဖြစ်ကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီးများက ဆိုင်ကယ်နှင့် သုံးဘီးတစ်စီးလျှင် သုံးထောင်ကျပ် နှင့် ငါးထောင်ကျပ်ကြားကောက်ခံနေပြီး ကားတစ်စီးကို တစ်သောင်းခန့် ကောက်ခံကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“အဲ့တံတားက နန်းဖာလုံနဲ့ တမူးမြို့ကို ချိတ်ထားတဲ့ တံတားဟုတ်တယ်။ အဲ့ဂိတ်က အရင်တည်းက ရှိတာတော့ဟုတ်တယ်။ ရဲတွေဂိတ်စောင့်တာ။ ဒါပေမဲ့ခုလို ဂိတ်ခမပေးရဘူး။ ခုက ပျူတွေစောင့်ပြီး ပိုက်ဆံတွေလည်း တောင်းတယ်။ သူတို့က တောင်းချင်သလိုတောင်းတာ” ဟုဆိုသည်။

ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့ ညပိုင်းကလည်း တမူးမြို့ရှိ ဒေသအခေါ် စစ်တပ်ကုန်းအနီးတွင် ဆိုင်ကယ်ဖြင့် ဖြတ်လာသော အသက် ၂၇ နှစ်အရွယ် မငိုင်ရှမ်းနဲမ်ဆိုသည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ 

ထို့အပြင် တမူးမြို့နယ် ပန်းသာကျေးရွာမှ ကိုဆေးမင်ထန်၊ ဦးစိန်မောင်နှင့် ကိုမိုးနိုင်ဝင်းသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီးများက ဇွန်လ ၈ ရက်နေ့က လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဓားဖြင့် ထိုးကာ သတ်ဖြတ်ခဲ့သည်။


The 74 Media 

တမူးတွင် ပျူစောထီးအဖွဲ့ဝင်များက သုံးဘီးဆရာတစ်ဦးကို သေနတ်ဖြင့် ကိုးချက်ပစ်သတ် တမူးတွင် ပျူစောထီးအဖွဲ့ဝင်များက သုံးဘီးဆရာတစ်ဦးကို သေနတ်ဖြင့် ကိုးချက်ပစ်သတ် Reviewed by THITHTOOLWIN on 00:53 Rating: 5

No comments:

Powered by Blogger.