အာဏာသိမ်းစစ်အုပ်စု၏ ခိုင်းသမျှ လိုက်လုပ်ပြီး ကာကွယ်တိုက်ခိုက်ပေးနေသည့် PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနအဖွဲ့ကို KNDF သတိပေး


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အသွင်ပြောင်းပြည်သူ့စစ်ဌာနေ အနေဖြင့်  အာဏာသိမ်း စစ်ကောင်စီနှင့် လက်တွဲမဖြုတ်ဘဲ ကရင်နီဒေသကို ကျူးကျော်လာပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း KNDF B 3 က ယနေ့မေလ(၁၃)ရက်တွင် သတင်းထုတ်ပြန်ကာ သတိပေးလိုက်သည်။

ပအိုဝ်းလူမျိုးသည် ကရင်နီဒေသရှိ တိုင်းရင်းသားများနှင့် ညီအစ်ကိုသဖွယ် နှစ်ပေါင်းများစွာ ယှဥ်တွဲနေထိုင်လာခဲ့ပြီး သာရေးနာရေး ပွဲလမ်းကိစ္စများတွင်လည်း အချင်းချင်း ကူညီရိုင်းပင်းမှုများ ယခုထက်ထိရှိနေဆဲပင် ဖြစ်ကာ PNO အနေဖြင့် အခြားတိုင်းရင်းသားများအပေါ်တွင် ဖက်ဆစ်စစ်တပ်နှင့်ပူးပေါင်း၍ သစ္စာဖောက်ခြင်းသည် ပအိုဝ်းနှင့် ညီအစ်ကိုတိုင်းရင်းသားများအကြား သွေးကွဲမှုကို လှုံ့ဆော်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

"ပအိုဝ်းတိုင်းရင်းသားများနှင့်ထားရှိခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ကျွန်ုပ်တို့ တန်ဖိုးထားပါသည်။ သို့သော် PNO အနေဖြင့် စစ်တပ် နှင့်လက်တွဲမဖြုတ်ဘဲ ကျွန်ပ်တို့ဒေသကို ထပ်မံကျူးကျော်လာပါက ရန်သူကဲ့သို့ တိုက်ခိုက်သွားမည်ဖြစ်ပါသည်။ ယင်းသို့ပြုလုပ်ခြင်းမှာ ပအိုဝ်းလူမျိုးအပေါ် မုန်းတီးခြင်းစိတ် အလျင်းမရှိဘဲ မိမိတို့ ကရင်နီကို ကာကွယ်ခြင်းသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။"ဟု ထုတ်ပြန်ထားသည်။

မေလ(၁၂)ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ စစ်တပ်စခန်းကို  KNDF B-03 နှင့် ဖယ်ခုံ PDF တပ်ရင်း (၂)တို့မှ ပူးပေါင်းစစ်ကြောင်းထိုးကာ တိုက်ခိုက်ခဲ့ရာပါ စစ်ကောင်စီတပ်သား (၁၅)ဦးသေကာ (၅)ဦးလက်နက်ချ အဖမ်းခံခဲ့သည်။

အဆိုပါသေဆုံးသူများထဲတွင် PNO တပ်သားများ ပါဝင်သလို အညံ့ခံ လက်နက်ချ အဖမ်းခံရာတွင်လည်း PNO တပ်သား(၃)ဦး ပါဝင်ခဲ့သည်။

PNO သည် ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တိုအကြား တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ဝင်တိုက်ပေး နေသည့်အဖွဲ့ဖြစ်သည်။

PNO သည် ပြည်တွင်းစစ်သမိုင်းတွင် အစောဆုံးလက်နက်ကိုင်တော်လှန်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများအနက် တစ်ဖွဲ့ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဧပြီ (၁၁)ရက်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့ကာ  အသွင်ပြောင်းပြည်သူ့စစ်အနေဖြင့် ရပ်တည်ခဲ့သည့်အပြင် နိုင်ငံရေးပါတီအဖြစ်လည်း ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေပြီး ယခု နွေဦးတော်လှန်ရေး အာဏာသိမ်းကာလတွင် စစ်တပ်ကို ဆန့်ကျင်သူမှန်သမျှကို PNO က အာဏာသိမ်းစစ်အုပ်စုဘက်ကနေပြီး ကာကွယ်တိုက်ခိုက်ပေးနေခြင်း ဖြစ်သည်။


Tachileik News Agency 

အာဏာသိမ်းစစ်အုပ်စု၏ ခိုင်းသမျှ လိုက်လုပ်ပြီး ကာကွယ်တိုက်ခိုက်ပေးနေသည့် PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနအဖွဲ့ကို KNDF သတိပေး အာဏာသိမ်းစစ်အုပ်စု၏ ခိုင်းသမျှ လိုက်လုပ်ပြီး ကာကွယ်တိုက်ခိုက်ပေးနေသည့်  PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနအဖွဲ့ကို KNDF သတိပေး Reviewed by THITHTOOLWIN on 19:43 Rating: 5

No comments:

Powered by Blogger.