အင်းတော် - မေ ၁၄၊ ၂၀၂၂။
ပျူစောထီးတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟန်ဆောင်ကာ ခရီးသည်များကို ဓားပြတိုက်သည့်ဖြစ်စဉ်အချို့ စစ်ကိုင်းတိုင်း အင်းတော်မြို့အနီး ဖြစ်ပွါးနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၉၊ ၁၀ ရက်နေ့နှင့် ၁၁ရက်နေ့များတွင် သုံးရက်ဆက်တိုက် လုယက်မှုဖြစ်ပွါးခဲ့ပြီး လုယက်သူများမှာ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက ပြည်သူ့ကာကွယ်ရေးတပ်သား(pdf) အယောင်ဆောင်၍ လုယက်ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးမှ အတည်ပြုပေးထားသည်။
“pdfအယောင်ဆောင်ပြီး လက်လုပ်သေနတ်တွေကိုင်ပြီး တောင်းတာ။ အနောက်မှာကျ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝတ်ပြီး တိုက်တာ။ pdfတွေက လာပစ်ရင်တောင် သူတို့က ချောင်းပစ်လို့ရတာ pdfတွေကိုမျှားခေါ်တဲ့သဘောပဲ။ ပျူတွေကို နာမည်နဲ့အိမ်နံပါတ်နဲ့ အတိအကျကိုသိတယ်။ အဲ့တာကြောင့် အတည်ပြုပေးနိုင်တယ်” ဟု ပြောပြသည်။
မေလ ၁၃ ရက် ညကိုးနာရီဝန်းကျင်ခန့်ကလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီး နတ်မဟုတ်ကြီး ကျေးရွာအနီးတွင် သစ္စာလှိုင် ခရီးသည်တင်ကားကို အမည်မသိအရပ်ဝတ်လူတစ်စုက လက်လုပ်သေနတ်များကိုင်ဆောင်၍ လုယက်ခဲ့သည်ဟု ခရီးသွားပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“လက်လုပ်သေနတ်တွေကိုင်ပြီး ပိုက်ဆံတောင်းတာ။ကားဆရာတွေက နည်းနည်းလေးပဲပေးရမယ်ထင်တာ။ မဟုတ်ဘူး။အကုန်လုံးယူချသွားတာ ဖုန်းတွေရောပဲ နားထင်ကိုလည်း သေနတ်တေ့တယ်။ တစ်ခြားကားဆရာတစ်ယောက်ဆို ငွေဆယ်သိန်းနဲ့ ဆယ့်ရှစ်သိန်းတန်ဖုန်းတစ်လုံး ပါသွားတယ်တဲ့ “ ဟု ပြောပြသည်။
အဆိုပါဖြစ်စဉ်များကြောင့် Indaw Revolution IR မှလည်း ခရီးသွားပြည်သူများအနေနှင့် ညကိုးနာရီကျော်ပါက ဆက်လက်ဖြတ်သန်းခြင်းမပြုတော့ပါရန် သတိပေးစာ ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့် ဖေဖော်ရီလ ၂၄ ရက်နေ့ကလည်း အင်းတော်မြို့နယ်၊ မဲဇာဒေသ၊ စက်တောကုန်ကျေးရွာအနီးတွင် ပျူစောထီးအဖွဲ့မှ ခရီးသွားယာဉ်များအား pdf အယောင်ဆောင်၍ ငွေကြေးအတင်းအဓမ္မလုယက်ခဲ့သည့် အတွက် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးရာ ကျူးလွန်သူ ပျူစောထီးတပ်ဖွဲ့ဝင် လေးဦးအနက် နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။
The 74 Media

No comments:
Post a Comment