မန္တလေး - မိုးကုတ်လမ်း စဉ့်ကူးနယ် ရွှေပြည်ရဲကင်းကို PDF တွေက စီးနင်းတိုက်ခိုက်၊ စခန်းမှူး အပါအဝင် စကစ အနည်းဆုံး သုံးဦးသေ

မေ-၂၀

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး - မိုးကုတ် ကားလမ်းပေါ်ရှိ ရွှေပြည်ရွာ ရဲကင်းစခန်းကို ဒီကနေ့ မေ(၂၀)ရက် မနက်ပိုင်းမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ စခန်းမှူး အပါအဝင် စကစ လက်နက်ကိုင် အနည်းဆုံး သုံးဦး သေတယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေး တပ်တွေက MFP ကို ပြောပါတယ်။ 

ဒီကနေ့ မေ(၂၀)ရက် မနက်(၁)နာရီကျော်က ရွှေပြည်ရွာ ရဲကင်းစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်း တပ်တွေဖြစ်တဲ့ စဉ့်ကူးမဟာမိတ် ညီနောင်တပ်ပေါင်းစုနှင့် မတ္တရာ ပကဖ တို့ ပူးပေါင်းပြီး နာရီဝက်နီးပါးကြာ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စဉ့်ကူး မဟာမိတ် ညီနောင် တပ်ပေါင်းစုရယ်၊ မတ္တရာ ပကဖ ရယ်၊ လင်းယုန်အဖွဲ့ရယ်၊ ကျွန်တော်တို့ စုပေါင်း တိုက်ခိုက်ခဲ့တာ၊ အကုန်လုံး အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာခဲ့တာ၊ သူတို့ကတော့ သုံးယောက်ထက် ပိုသေနိုင်တယ်ပေါ့၊ ခြောက်ယောက်ပေါ့၊ စခန်းထဲက သုံးယောက်ရယ်၊ မိုင်းကွဲတဲ့ သုံးယောက်ရယ်၊ အတည်ပြုလို့ မရသေးဘူး၊ စခန်းထဲမှာ ဖြစ်တဲ့ဟာ သုံးယောက်ပဲ အတည်ပြုလို့ရသေးတယ်၊ သူတို့က အကပ်မခံဘူး၊ ကျပြီး အဝင်အထွက်တွေ အကုန်လုံး ပိတ်တာဆိုတော့" လို့ စဉ့်ကူး မဟာမိတ်ညီနောင် တပ်ပေါင်းစု၊ ဥဒေါင်းမင်း တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရွှေပြည်ရဲကင်းမှာ ရှိနေတဲ့ စခန်းမှူး အပါအဝင် စကစ သုံးဦး သေတာကို အတည်ပြုနိုင်ပြီး ရွှေပြည်ရဲကင်း တိုက်ခိုက်ခံရချိန် စစ်ကူလာတဲ့ ယာဉ်တန်းကိုလည်း  ငွေတောင်ကျေးရွာ တိုးဂိတ်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ငွေတောင်ရွာ တိုးဂိတ် မိုင်းဆွဲမှုကြောင့် စစ်အုပ်စုဘက်က သုံးဦးထက်မနည်း သေနိုင်ပေမယ့် အတိအကျ မသိရသေးဘဲ ငွေတောင်ဂိတ်မှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ချိန် စစ်အုပ်စု ထိခိုက်တာ မရှိခဲ့ပေမယ့် ကျန်ရှိတဲ့ မိုင်းတွေကို စစ်အုပ်စုဘက်က ဖြုတ်နေစဉ် နောက်ထပ် မိုင်းတစ်လုံးပေါက်ကွဲခဲ့တာမှာ စကစ သုံးဦး သေတယ်လို့ ဥဒေါင်းမင်း တပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

"မနက် (၃)နာရီခွဲလောက်မှာ သူတို့လာတယ်၊ မိုင်းသုံးလုံး ဆွဲတယ်၊ မအောင်မြင်လိုက်ဘူး။ သူတို့ မထိလိုက်ဘူးခဗျ၊ (၅)နာရီကျော်မှာ တစ်လုံးကွဲတာ၊ အဲ့ဒါ  သုံးယောက်ထိတယ်၊ နှစ်ယောက်က နေရာမှာတင် ပွဲချင်းပြီးပဲ" လို့  သူက ဆိုပါတယ်။

ဒီကနေ့ မနက်အစောပိုင်းက စဉ့်ကူးနယ် လက်ပံလှရွာတွေဘက်ကပါ ပစ်ခတ် တိုက်ခိုက်သံတွေ ကြားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက် စစ်အုပ်စုက မန္တလေး - မတ္တရာ ကားလမ်းကို ပိတ်ထားပြီး လမ်းသွားလမ်းလာတွေကို ရန်ပြုစစ်ဆေးနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ယခုရက်ပိုင်းတွေ အတွင်း စဉ့်ကူးမြို့နယ် ဧရာဝတီ မြစ်ရိုးတစ်လျှောက်က ကျေးရွာတွေထဲ စီးနင်းဝင်ရောက်ကာ မွှေနှောက်လုယက် ဖောက်ထွင်းခိုးယူ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေပါတယ်။

စဉ့်ကူးနယ် ဥဒေါင်းမင်းတပ်ဖွဲ့ အနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးသည်အထိ အကြမ်းဖက် စစ်အုပ်စုကို  ဆက်လက်ခုခံတိုက်ခိုက်မည် ဖြစ်ပြီး လက်ရှိမှာ လက်နက်အင်အား မလုံလောက်သလို မောင်းပြန်သေနတ်တစ်လက်လောက် လိုအပ်နေလို့ အများပြည်သူ အနေနဲ့ ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


Mandalay Free Press - MFP

မန္တလေး - မိုးကုတ်လမ်း စဉ့်ကူးနယ် ရွှေပြည်ရဲကင်းကို PDF တွေက စီးနင်းတိုက်ခိုက်၊ စခန်းမှူး အပါအဝင် စကစ အနည်းဆုံး သုံးဦးသေ မန္တလေး - မိုးကုတ်လမ်း စဉ့်ကူးနယ် ရွှေပြည်ရဲကင်းကို PDF တွေက စီးနင်းတိုက်ခိုက်၊ စခန်းမှူး အပါအဝင် စကစ အနည်းဆုံး သုံးဦးသေ Reviewed by THITHTOOLWIN on 18:44 Rating: 5

No comments:

Powered by Blogger.