![]() |
(ပုံစာ - စစ်အာဏာသိမ်းပြီးနောက် ပုသိမ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်) |
(ရေကြည်) မေလ ၁၃ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီဩဇာခံ ရဲကင်းစခန်းတွေ မေလဆန်းပိုင်းကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တွေရဲ့အလစ်ဝင်တိုက်ခံရမှာကြောက်လို့ အင်အားများတဲ့ မြို့မရဲစခန်းကို ပူးပေါင်းတာတွေပြုလုပ်လာတယ်လို့ သိရပါတယ်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်ခံရနိုင်ချေရှိတဲ့ စခန်းတွေနဲ့ အင်အားနည်းတဲ့ရဲစခန်းတွေကို စစ်ကောင်စီက ရွှေ့ပြောင်းဖို့ညွှန်ကြားစာထုတ်ပြီးနောက်ပိုင်း ပထမဆုံးရွှေ့ပြောင်းလာတာလို့ ရဲတပ်ဖွဲ့အသိုင်း ဝိုင်းက သိရပါတယ်။
“တောဘက်က စခန်းတွေပြောင်းလာကြတာ ကုန်းပြင်ဘက်က စခန်းတွေပြောင်းတာကြားတယ် မြို့မရဲစခန်း မှာလာပေါင်းနေတာတွေ့တယ် ဘာလို့ဆိုတာတော့ မသိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီက ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်တာခံရနိုင်တဲ့ စခန်းတွေပြောင်းရွှေ့ဖို့ ညွှန်ကြားပြီး နောက်ပိုင်း ရေကြည်မြို့နယ်အတွင်းက ကမ်းနီကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းနဲ့ ကုန်းပြင်ကျေးရွာမှာရှိတဲ့ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ ရေကြည်မြို့ပေါ်မှာရှိတဲ့ မြို့မရဲစခန်းဝန်းထဲကို လာရောက် နေထိုင်ကြတာလို့ ဆိုပါတယ်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှာကို ကြောက်လို့ ရဲစခန်းတွေ ရွှေ့ပြောင်းတာတွေ ပြုလုပ်နေပေမယ့် ဧရာဝတီတိုင်းထဲက ရဲစခန်းတွေကိုတော့ ဝင်ရောက်စီးနင်းခံရတာမျိုးတွေမရှိသေးပေမယ့် ကြိုတင်ပြောင်းရွှေ့ထားတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက ပြောပါတယ်။
“လောလောဆယ်တော့ တိုင်းထဲမှာမရှိသေးပေမယ့် သူတို့ ကြောက်လို့ ရွှေ့ပြောင်းတာဖြစ်နိုင်သလို ကြိုတင် စီစဉ်ထားတာမျိုးလည်း ဖြစ်နိုင်တယ် ပြီးတော့ ရဲကင်းစခန်းဆိုတာက အင်အားနည်းတယ် ဆယ်ဂဏန်းပဲရှိ တာဆိုတော့ ဝင်တိုက်ခံရနိုင်ချေများတယ် အဲ့တာကြောင့် ခုလိုမျိုး ပေါင်းနေတာဖြစ်နိုင်တယ်” လို့ ရဲတပ်ဖွဲ့ဝင် ဟောင်းတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
မြို့ပေါ်မှာရှိတဲ့ရဲစခန်းအများစုဖွဲ့စည်းပုံမှာ မြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကနေ ၈၀ ကြားရှိပြီး နယ်မြေရဲစခန်းမှာ ၃၀ ကနေ ၅၀ ကြားရှိသလို ရဲကင်းစခန်းမှာတော့ ၇ ဦးကနေ ၁၅ ကြားအင်အားရှိလေ့ရှိတာ ကြောင့် ခုလိုမျိုး အင်အားနည်းတဲ့ရဲကင်းစခန်းတွေကို ရွှေ့ပြောင်းခိုင်းတာတွေပြုလုပ်နေတာလို့ မှတ်ချက်ပြု ပြောဆိုပါတယ်။
ရေကြည်မြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်မှာကြုံရနိုင်သလို ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာပြီး တိုက်ခိုက်မှာကို ကြောက်လို့ ခုလိုမျိုး စခန်းအင်အားတွေ ပေါင်းထားတာဖြစ်နိုင်တယ်လို့ နယ်မြေကျွမ်းကျင်သူတွေက သုံးသပ်တာမှုတွေ လည်းရှိနေပါတယ်။
ဒါ့ပြင် ရေကြည်မြို့နယ်ထဲက ရဲစခန်းတစ်ခုဖြစ်တဲ့ အသုတ်နယ်မြေရဲစခန်းထဲမှာလည်း ဗုံးခိုကျင်းတွေတူးနေပြီး သဲအိတ်တွေဆင့်ကာ ဘန်ကာပုံစံမျိုး အခိုင်အမာပြုလုပ်တာတွေရှိနေတယ်လို့ ဒေသခံတွေကထံက သိရပါတယ်။
Ayeyarwaddy Times

No comments:
Post a Comment