ရွှေကူမှာ အကြမ်းဖက် စစ်အုပ်စုကို မိုင်းဆွဲရာ စကစတွေ အသေအပျောက်များ၊ (၄၀ မမ) ကျည်တွေ သိမ်းပိုက်ရရှိလို့ မြို့လှ PDF ထုတ်ပြန်


မေ-၂၂

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်က ကျေးရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် မြို့လှ KPDF အရံကာကွယ်ရေး တပ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေ အထိအခိုက် အသေအပျောက် ရှိကာ ထွက်ပြေးသွားတယ်လို့ မြို့လှ KPDF က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မေ(၂၂)ရက် မနက်ပိုင်းမှာ ရွှေကူမြို့နယ် သင်္ဘောအင်းကနေ မိုးစစ်ရွာဘက် ခြေလျှင်လာတဲ့ အင်အား (၄၀)လောက်ရှိတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေကို မြို့လှ KPDF အရံကာကွယ်ရေးတပ်က (H-22) လက်လုပ် ရှေ့ထွက်မိုင်း ခြောက်လုံးနဲ့ လမ်းခုလတ်မှာ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အကြမ်းဖက် စစ်ကောင်စီသည် ရွေကူမြို့နယ် သင်္ဘောအင်းရွာမှ မိုးစစ်ရွာဘက်သို့ ခြေလျှင်ဆုတ်ခွာလာစဉ် ယနေ့နံနက် (၈)နာရီခွဲခန့်တွင် မြို့လှ KPDF အရံကာကွယ်ရေးတပ်မှ (H-22) လက်လုပ် ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် လမ်းခုလတ်တွင် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ စကစ ဘက်မှ ထိခိုက်ကျဆုံးမှုနှင့် အများအပြား ဒဏ်ရာရခဲ့သည်။ မြို့လှ KPDF အရံတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရာ လက်ထောက်ကျည် (40 - mm) (၁၃)လုံး သိမ်းဆည်းရမိခဲ့သည်။ စကစတပ်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းရွာဦးမှတဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွားခဲ့သည်” မြို့လှ KPDF က ဖော်ပြပါတယ်။

စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်က ရွာတွေထဲ အကြမ်းဖက် စစ်အုပ်စုက ဝင်မွှေလုယက် သောင်းကျန်းနေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနှင့် မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

လက်ရှိမှာ မန္တလေးက တက်လာတဲ့ စစ်အုပ်စုရဲ့ သင်္ဘောသုံးစီးဟာ ထီးချိုင့်မြို့ရဲ့ အထက်ဘက်ကို ရောက်ရှိနေပြီ ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုက ဧရာဝတီ မြစ်ကမ်းဘေးက ရွာတွေကို နယ်မြေလုံခြုံရေး အကြောင်းပြကာ ထင်တိုင်ကျဲ ဝင်မွှေလုယက် သောင်းကျန်းနေတာလည်း ဖြစ်ပါတယ်။


Mandalay Free Press - MFP

ရွှေကူမှာ အကြမ်းဖက် စစ်အုပ်စုကို မိုင်းဆွဲရာ စကစတွေ အသေအပျောက်များ၊ (၄၀ မမ) ကျည်တွေ သိမ်းပိုက်ရရှိလို့ မြို့လှ PDF ထုတ်ပြန် ရွှေကူမှာ အကြမ်းဖက် စစ်အုပ်စုကို မိုင်းဆွဲရာ စကစတွေ အသေအပျောက်များ၊ (၄၀ မမ) ကျည်တွေ သိမ်းပိုက်ရရှိလို့ မြို့လှ PDF ထုတ်ပြန် Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.