ကသာမြို့ကနေ ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေကို မြို့လှ PDF က ရှော့ဒုံးနဲ့ တိုက်ခိုက်

မန္တလေးကနေ ဆန်တက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်နဲ့ ရိက္ခာတင် သင်္ဘောတွေ/Photo- CJ

မေ-၂၅

စစ်ကိုင်းတိုင်း ကသာမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောသုံးစီးကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ဗိုလ်သာလိကာ ဦးဆောင်တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ သင်္ဘောတစ်စီး ထိမှန်ခဲ့တယ်လို့ မြို့လှ PDF က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မေ(၂၅)ရက် နေ့လယ်(၂)နာရီကျော်မှာ ကသာမြို့ဆိပ်ကမ်းက စတင်ထွက်ခွာလာပြီး မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ လက်နက်နဲ့ ရိက္ခာတင် သင်္ဘောသုံးစင်းကို ကသာမြို့ရဲ့ အထက်ဘက် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ရှော့တိုက်ဒုံး နှစ်လုံး၊ (H-22) မိုင်တဲမမ လက်လုပ်ရှေ့ထွက်မိုင်း ခုနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သင်္ဘော သုံးစီးအနက် တစ်စီးအား ပစ်ခတ်သည့် လက်နက် အလုံးစုံ ထိမှန်လျှက် စက်ချို့ယွင်းကာ ဆက်မဆန်နိုင်ဘဲ ရှိခဲ့သည်။ ကျန်သင်္ဘောဖြင့် တွဲကာ မိုးတားလေး ဆိပ်ကမ်း၌ ဆိုက်ကပ်ထားရသည်” လို့ မြို့လှ PDF က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဘက်ကလည်း သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး မြစ်ကမ်းဘေး ကျေးရွာအနီး လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြို့လှ PDF က ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်(၈)နာရီကလည်း သင်္ဘောတွေအတွက် လုံခြုံရေးယူဖို့ မြစ်ကမ်းတလျှောက် ခြေလျှင်သွားလာနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမား အင်အား (၁၀၀)ကျော်ကို ကသာမြို့ရဲ့ အထက်ဘက် မိုးတားလေး မြေနုရွာအနီးမှာ ဒေသကာကွယ်ရေး တပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ မြို့လှ PDF က ဆိုပါတယ်။

“စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး နာရီဝက်ကြာခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှု ရှိနိုင်ပြီး ဒေသကာကွယ်ရေး တပ်မှ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်” လို့ မြို့လှ PDF က ဖော်ပြပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမား အင်အား (၃၀၀)ကျော် လိုက်ပါလာပြီး လက်နက်နဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ သင်္ဘောသုံးစီးဟာ မေလ ဒုတိယပတ်က စလို့ မန္တလေးဆိပ်ကမ်းက တဆင့် ကချင်ပြည်နယ်ဘက်ကို ဆန်တက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ သင်္ဘေတွေပေါ် လိုက်ပါလာတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ မြစ်ကြောင်းတလျှေက် ကျေးရွာတွေကို စီးနင်းပြီး အများပြည်သူရဲ့ နေအိမ်တွေကို မွှေနှောက်လုယက် ဖောက်ထွင်းခိုးယူ ဓားပြတိုက်တာ၊ မီးရှို့ဖျက်ဆီးတာတွေလည်း ကျူးလွန်နေပါတယ်။


Mandalay Free Press - MFP

ကသာမြို့ကနေ ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေကို မြို့လှ PDF က ရှော့ဒုံးနဲ့ တိုက်ခိုက် ကသာမြို့ကနေ ဆန်တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေကို မြို့လှ PDF က ရှော့ဒုံးနဲ့ တိုက်ခိုက် Reviewed by THITHTOOLWIN on 00:05 Rating: 5

No comments:

Powered by Blogger.