မဲခေါင်၊ မေ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် ပင်းတယနှင့် ရွာငံ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီသတင်းပေး ၅ ဦးကို ရှင်းလင်းခဲ့ကြောင်း မေလ ၁၄ ရက်၊ ညပိုင်းအချိန်က ပြည်သူများထံ အသိပေးထုတ်ပြန်ထားသည်။
ပြည်သူမျ၏အသက်အိုးအိမ်စည်းစိမ်ကို နစ်နာစေခဲ့သည့် ပင်းတယမြို့နယ်မှ ဒလန် ၄ ဦးနှင့် ရွာငံမြို့နယ်မှ ဒလန် ၁ဦးကို ပင်းတယမြို့ပြပျောက်ကျားအဖွဲ့၊ ရွာငံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချိုးဖြူပျောက်ကျားတပ်ဖွဲ့တို့ သုတ်သင်ရှင်းလင်းခဲ့ကြောင်း အသိပေးထားခြင်းဖြစ်သည်။
ပူးပေါင်းအဖွဲ့မှ ဖေဖော်ရီလ ၁၀ ရက်က ပင်းတယမြို့နယ်၊ အုံအက်ကျေးရွာနေ သတင်းပေးဒလန်ဆိုင်းဆရာစိန်ကျော်ဝင်း၊ ဖေဖော်ဝါရီလ ၁၁ရက်က ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာနေ သတင်းပေးဒလန် ကိုဖေဝင်း၊ မတ်လ ၅ ရက်က ပင်းတယမြို့၊ သီရိမင်္ဂလာရပ်ကွက်နေ သတင်းပေးဒလန် ကိုဦးဆိုသူတို့ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အလားတူ မတ်လ ၂၂ ရက်က ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်နေ သတင်းပေးဒလန် ဦးမိုးမြင့်သူအားလည်းကောင်း၊ မတ်လ ၃၀ ရက်၌ ရွာငံမြို့၊ ရွာမရပ်ကွက်နေ သတင်းပေးဒလန်ပျူစောထီး ကိုအေးစိုးဆိုသူအားလည်း ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု PDF ပူးပေါင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါသတင်းပေးဒလန်များ၏ လုပ်ရပ်များကို ရပ်တန့်ရန်သတိပေးခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေသည့်အတွက် လိုအပ်သည့်အရေးယူမှု ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်းကိုလည်း အဆိုပါပါထုတ်ပြန်ချက်၌ ပါရှိသည်။
MeKong News - မဲခေါင်သတင်း

No comments:
Post a Comment