ရန်ကုန်၊ မေ (၂၆)
အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းမည့် ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံနှင့် အဖွဲ့ဝင်များကို အရပ်သားအဖြစ် မှတ်ယူ၍မရတော့သည့်အတွက် “အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များ”အဖြစ် သတ်မှတ်ကာ အရေးယူသွားတော့မည်ဟု NUG က ယနေ့ ထုတ်ပြန်လိုက်သည်။
ထိုအဖွဲ့တွင် ပါဝင်ရန် အတင်းအကျပ်ဖိအားပေးခိုင်းစေခံရသည့် ပြည်သူများအနေဖြင့်လည်း ၎င်းအဖွဲ့ကိုအမြန်ဆုံးစွန့်ခွာပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့၍ လက်နက်အပ်နှံပူးပေါင်းဆောင်ရွက်ကြရန်လည်း အမျိုးသားညီညွတ်ရေးအစိုးက (NUG) က တိုက်တွန်းထားသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ထိုကိစ္စနှင့်ပက်သက်သည့် သက်သေအထောက်အထားများကို ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် အင်အားနည်းလာခြင်းကြောင့် နိုင်ငံတဝန်းမြို့နယ်များတွင် အကြမ်းဖက်အဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိပြီး ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ဖြင့် မြို့နယ်များ၊ ရပ်ကွက်ကျေးရွာများတွင် ဖွဲ့စည်းရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူအချင်းချင်းအကြမ်းဖမ်းအောင် ပြုလုပ်နေပြီး ၎င်းတို့အတွက် ထွက်ပေါက်ရှာဖွေရန်ရည်ရွယ်နေသည်ဟုလည်း NUG က ဆိုသည်။
ထို ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ရသည့် အကြမ်းဖက်အဖွဲ့ကို စစ်အုပ်စုအလိုတော်ရိ နိုင်ငံရေးပါတီနှင့် အသင်းအဖွဲ့များဖြင့် ဖွဲ့စည်းရန် ကြိုးစားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အဖွဲ့တွင်ပါဝင်ဆောင်ရွက်သူများကို စစ်တပ်က စစ်ပညာသင်ကြားပေးခြင်း၊ အကြမ်းဖက်နည်းလမ်းများ ပို့ချခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်ဟုလည်း NUG က ဆိုသည်။
လက်ရှိအချိန်၌ အကြမ်းဖက်စစ်ကောင်စီသည် ပျုစောထီးအဖွဲ့၊ သွေးသောက်အဖွဲ့ဆိုသည် အမည်ခံအဖွဲ့များကို ဖွဲ့စည်းထားပြီး အပြစ်မဲ့အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ခိုးဆိုးလုယက်ခြင်းများကိုလည်း လုပ်ဆောင်နေသည်။
Lu Nge Khit

No comments:
Post a Comment