![]() |
(စစ်ကောင်စီတပ်ပျက်စီးသွားသောကားတစ်စီး။ ဓါတ်ပုံ-KNDF တပ်ရင်း -၂ ) |
ကရင်နီ(ကယား)ပြည်နယ်၊ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာ အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးကာ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၆ က ယနေ့(မေ ၂၅ ရက်)တွင် ထုတ်ပြန်သည်။
မေ ၂၃ ရက် နံနက် ၁၁ နာရီ ၁၇ မိနစ် မှ ညနေ ၆ နာရီခွဲအထိ ကရင်နီတပ်မတော် KA ၊ KNDF တပ်ရင်း ၁၆ ၊တပ်ရင်း ၂ နှင့် KPDF တို့က စစ်ကောင်စီရိက္ခာယာဥ်တန်းကို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုပါရှိသည်။
သို့သော် စစ်ကောင်စီတပ်က ရိက္ခာယာဥ်တန်းနှင့် အတူ စစ်ကြောင်းပါပူးတွဲပါရှိခဲ့သည့် အတွက် တိုက်ပွဲမှာပြင်းထန်ခဲ့ကာ ၁၂၀ မမ လက်နက် ကြီးထိမှန်၍ KNDF တပ်ရင်း ၂ မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။
"သူတို့က အခုနောက်ပိုင်းတိုက်ပွဲတွေမှာ လက် နက်ကြီး ပစ်ကူတအားသုံးတာ။ဘာဖြစ်လို့လဲဆို လက်နက်ငယ်ချင်း ယှဥ်ပစ်ရင် သူတို့ပဲ သေတာကို။အဲဒီနေ့ကတော့ ကံဆိုးစွာနဲ့ပဲ ကျဆုံးသွားတဲ့ရဲဘော်ရှေ့တည့်တည့်မှာပဲ ၁၂၀ မမ ကျည် ကျ ခဲ့တာ"ဟု KNDF တပ်ရင်း ၁၆ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အဆိုပါနေ့၌ပင် နန်းဖဲကျေးရွာနှင့် နှစ်မိုင်ခန့် အကွာအဝေးရှိသည့် ဖရူဆိုမြို့နယ်၊ထားလဲ ကျေးရွာနှင့် ကျွန်းပင်ကုန်းကြားတွင်စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ KA နှင့် KNDF တပ်ရင်း ၄ က တိုက်ခိုက်ခဲ့ကာ ကားသုံးစီးပျက်စီးပြီးသေဆုံးထိခိုက်သူများရှိခဲ့သည်။
ယခုလ ၇ ရက်နေ့ကလည်း ဖရူဆိုမြို့နယ် လောကျေခူ ကျေးရွာတွင် စစ်ကောင်စီယာဥ်တန်းကို KNDF တပ်ရင်း ၄ အပါအဝင် ကရင်နီ တပ် မတော်မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားငါးစီးထက်မနည်းပျက်စီးပြီး သေဆုံးသူ ၄၀ ခန့်ရှိခဲ့သည်။
စစ်ကောင်စီက ယခုနှစ်တွင် ငြိမ်းချမ်းရေးနှစ်ဟု ကြေညာပြီး တိုက်ပွဲမဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်နေပြည်တော်တွင် တစ်ဖွဲ့ချင်းတွေ့ဆုံဆွေးနွေးပြနေချိန်တွင် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို စစ်အင်အားတိုး၍ စစ်ကြောင်းထိုးကာ အကြမ်းဖက် နေခြင်းဖြစ်သည်။
People's Spring

No comments:
Post a Comment