တန့်ဆည်နယ်မှာ တစ်ရက်တည်း ရွာသုံးရွာ မီးရှို့ခံရပြီး အိမ်ခြေ(၄၀၀)ဝန်းကျင် ပြာကျ၊အာဏာသိမ်းပြီးချိန်မှ စပြီး ဒီကနေ့အထိ တန့်ဆည်မှာ ရွာပေါင်း (၃၅)ရွာ မီးရှို့ခံထားရ၊

ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက ပေါ်တူဂီနွယ်ဖွား ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ တန်ပဆည်နယ် ချောင်းရိုးရွာကို အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးတာတွေ မပြုမီ တွေ့ရစဉ်/Photo – CJ

မေ - ၂၁

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ မနေ့ မေ(၂၀)ရက် တစ်ရက်တည်း အကြမ်းဖက် စစ်အုပ်စုက ဖန်းခါးဇင်၊ စိမ်းစားနဲ့ ချောင်းရိုး စတဲ့ ရွာသုံးရွာကို ဝင်မွှေလုယက်ခဲ့ပြီး ဒေသခံ ပြည်သူတွေရဲ့ နေအိမ် အလုံး(၄၀၀) ဝန်းကျင်ကို ပြာကျအောင် မီးရှို့ဖျက်ဆီးသွားတယ်လို့ တန့်ဆည်ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဒီကနေ့ မေ(၂၁)ရက်မှာလည်း တန့်ဆည်နယ် ခပေါင်းကြိုင် ကျေးရွာထဲ ဆက်လက်ဝင်မွှေ လုယက်ကာ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ယခင်ကလည်း အကြိမ်ကြိမ် ဝင်မွှေလုယက် မီးရှို့နေတာ ဖြစ်ပြီး လက်ရှိမှာတော့ ဖန်းခါးဇင်၊ ချောင်းရိုးနှင့် စိမ်းစားရွာတွေကို ရွာထဲ လူပြန်နေလို့ မရတော့တဲ့ ရွာပျက် အခြေအနေထိ ရောက်အောင် မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

“ရေဦးမြို့နယ်ဘက်မှ လာသော အင်အား(၂၀၀)ကျော်ရှိ စစ်ခွေးနှင့် ပျူစောထီးများသည် တန့်ဆည်မြို့နယ်ရှိ ဖန်းခါးဇင်ကျေးရွာ၊ စိမ်းစားကျေးရွာ၊ ချောင်းရိုးကျေးရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ခံ ကျေးရွာများတွင် ချောင်းရိုးကျေးရွာသည် မီးရှို့ခံရမှု အများဆုံးဖြစ်သည်။ ပထမ အကြိမ်က နေအိမ် (၁၃)လုံး မီးရှို့ခံခဲ့ရပြီး ယခုအကြိမ်တွင် နေအိမ် (၃၀၀)ခန့်ထိ မီးရှို့ခံခဲ့ရသည်။ စိမ်းစားရွာသည် ပထမအကြိမ်က နေအိမ် (၂၀) မီးရှို့ခံခဲ့ရပြီး ယခုအကြိမ်တွင် နေအိမ် (၅၀)ခန့် မီးရှို့ခံခဲ့ရသည်” လို့ တန့်ဆည်ဒေသ သတင်းတွေ ဖော်ပြနေတဲ့ Taze News က ဖော်ပြပါတယ်။

ဖန်းခါးဇင်ရွာမှာ နေအိမ်တွေ ရွာလုံးကျွတ် မီးလောင်ပြာကျသွားပြီး ချောင်းရိုးရွာနှင့် စိမ်းရွာမှာတော့ မီးမလောင်ဘဲ ကျန်ရစ်တဲ့ ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းက လွဲလို့ လူနေအိမ်တွေအားလုံး ရွာလုံးကျွတ် ပြာကျသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့ အိမ်တော့ အုတ်ခုံပဲ ကျန်တော့တယ်။ တစ်ရွာလုံးလည်း အကုန်ကုန်သွားပြီ” လို့ ချောင်းရိုးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။ ချောင်းရိုးရွာဟာ ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက ပေါ်တူဂီနွယ်ဖွား ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီရွာသုံးရွာက လူဦးရေ (၅၀၀၀)ကျော် ထွက်ပြေးနေရပြီး နေစရာ အိမ်မရှိတော့သလို မီးရှို့ခံရတဲ့ ရွာတွေထဲလည်း ပြန်မဝင်ရဲတော့ဘဲ စားသောက်နေထိုင်ရေးနှင့် ရှေ့ဆက်ရပ်တည်နိုင်ရေး အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။

တန်ပဆည်မြို့နယ်မှာ ကျေးရွာ (၂၇၁)ရွာ ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် စစ်အုပ်စုက ရွာ(၃၅)ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တန့်ဆည်မြို့နယ် ကပေါင်းကျရွာဆိုလျှင် အကြမ်းဖက် စစ်အုပ်စုက အကြိမ်ကြိမ် ဝင်မွှေလုယက်ပြီး သတ်ဖြတ်၊ ဖမ်းဆီး၊ မီးရှို့လို့ ဒေသခံရွာသူရွာသား အများအပြား သေဆုံးခဲ့သလို အိမ်ခြေ အများအပြား မီးလောင်ခဲ့ပြီး လက်ရှိမှာ ကပေါင်းကျရွာထဲ လူနေထိုင်သူ မရှိတော့ဘဲ ရွာပျက်ကြီးလို ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်နယ်ထဲ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာတွေဟာ ကာပေါင်းကျ၊ ကျီးကုန်း၊ ပုတီး၊ စည်သာ၊ လိပ်ခြံ၊ ပေချောင်၊ ထန်းကုန်းကြီး၊ ခရုတော၊ ရွာရှည်(မြောက်ရွာ)၊ ထန်းပင်ဆိပ်၊ ဖလံချိုင်၊ ချောင်းဆုံ(တောင်ရွာ)၊ ကုန်းအိုင်၊ မူးခွ၊ ကျွန်းလည်၊ အင်ပင်သာ၊ ရွှေကျင်၊ အကုင်္က္ကား၊ ကဘဲ့၊ ဘေရင်း၊ မြောက်အင်း၊ ကမ်းဖြူ(မြောက်ရွာ)၊ စိမ်းစား၊ ချောင်းရိုး၊ ဂရိတ်၊ တောဂျင်၊ ကြောင်ဆင်းအိုင်၊ ကံကလေးကုန်း၊ လက်ဆည်၊ အင်တောရိုး၊ ရေရှင်ကုန်း၊ မြေခု၊ ကြက်ဆူကံ၊ ဖန်းခါးဇင်နဲ့ ခပေါင်းကြိုင် စတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုဟာ ဧပြီ (၂၇)ရက်က စတင်ပြီး ရေဦး၊ တန့်ဆည်၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ ရွှေဘိုစတဲ့ ရွှေဘိုခရိုင် မြို့နယ်တွေထဲ အင်အားအများအပြား တိုးမြှင့်ကာ ဒေသခံ အရပ်သား ပြည်သူတွေကို သတ်ဖြတ်၊ ပြည်သူ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူလုယက်၊ မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဧပြီလကုန်ပိုင်းက စပြီး ရွှေဘိုခရိုင်ထဲ အကြမ်းဖက် စစ်အုပ်စုက လူမသတ်၊ မီးမရှို့န့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စု အကြမ်းဖက် သောင်းကျန်းနေလို့ စစ်ဘေးရှောင်ဦးရေလည်း တနေ့တခြား များပြားလာပြီး စားသောက်နေထိုင်ရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။


Mandalay Free Press - MFP

တန့်ဆည်နယ်မှာ တစ်ရက်တည်း ရွာသုံးရွာ မီးရှို့ခံရပြီး အိမ်ခြေ(၄၀၀)ဝန်းကျင် ပြာကျ၊အာဏာသိမ်းပြီးချိန်မှ စပြီး ဒီကနေ့အထိ တန့်ဆည်မှာ ရွာပေါင်း (၃၅)ရွာ မီးရှို့ခံထားရ၊ တန့်ဆည်နယ်မှာ တစ်ရက်တည်း ရွာသုံးရွာ မီးရှို့ခံရပြီး အိမ်ခြေ(၄၀၀)ဝန်းကျင် ပြာကျ၊အာဏာသိမ်းပြီးချိန်မှ စပြီး ဒီကနေ့အထိ တန့်ဆည်မှာ ရွာပေါင်း (၃၅)ရွာ မီးရှို့ခံထားရ၊ Reviewed by THITHTOOLWIN on 05:51 Rating: 5

No comments:

Powered by Blogger.