စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ညွှန်းနေဟု ခိုင်သုခပြော


ရန်ကုန်၊ မေ (၂၁)

အကြမ်းဖက်စစ်တပ်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ပြောဆိုနေမှုများထက် ၎င်းတို့၏ အောက်ခြေလုပ်ရပ်များကိုသာ မြင်အောင်ကြည့်၍ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လူငယ့်ခေတ်သို့ ပြောသည်။

မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆိုသည့် စကားလုံးကို ပြောဆိုနေသော်လည်း အောက်ခြေတွင် ထိပ်တိုက်တွေ့ရေး၊ ပြည်သူများအကျပ်အတည်းဖြစ်ရေးကိုသာ ဦးတည်လုပ်ဆောင်နေသည်ဟု ၎င်းကဆိုသည်။

“လက်ရှိအခြေအနေကတော့ အကောင်းဘက်ကိုဦးတည်တာထက် အဆိုးဘက်ကိုပဲ ရွေ့နေတယ်” ဟု ခိုင်သုခက ပြောသည်။

ပြီးခဲ့သည့် မေလ (၁၉) ရက်က ပြုလုပ်သည့် အကြမ်းဖက်စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင်လည်း ရခိုင်ပြည်နယ်အတွင်း ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက စစ်တပ်ကိုအဆိုးမဆိုရန် စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုခဲ့သေးသည်။

တိုက်ပွဲများပြန်လည်မဖြစ်ပွားစေရန် ထိန်းသိမ်းနေရခြင်းမှာ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်သည့်သဘောဖြင့် ထိန်းသိမ်းနေခြင်းဖြစ်သည်ဟုလည်း ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုသွားခဲ့သည်။

ထိုပြောဆိုချက်အပေါ်  ခိုင်သုခက “ပြည်သူတွေနစ်နာမှာစိုးလို့ သူတို့စစ်မတိုက်ဘူးလို့ ပြောတာကို ဘယ်ပြည်သူမှလဲအယုံအကြည်ရှိမှာမဟုတ်ဘူးဗျ။ ဘာကြောင့်လဲဆို မြန်မာစစ်တပ်က ပြည်သူတွေကို ဘယ်တုန်းကမှ ထည့်တွက်ခဲ့တာမရှိဘူး။ ဒါဟာ ယုတ္တိမရှိတဲ့အကြောင်းပြချက်တစ်ခုပဲဖြစ်တယ်”ဟု ဆိုသည်။

သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်ထွန်း၏ပြောဆိုချက်များသည် ရခိုင်ပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ပြည်သူများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မည့်အစီအစဉ်ကို တိုက် ရိုက်ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိအချိန်၌လည်း ရခိုင်ပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပေါ်လာနိုင်သည့်အတွက် အရပ်သားပြည်သူများ မြန်မာစစ်တပ် (အကြမ်းဖက်စစ်တပ်) ၏ တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့မသွားရန်  AA က သတိပေးထားသည်။

ပြီးခဲ့သည့် မေလ (၆) ရက်ကလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အကြမ်းဖက် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် တွစ်တာမှတဆင့် သတိပေးထားသေးသည်။


Lu Nge Khit

စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ညွှန်းနေဟု ခိုင်သုခပြော စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ညွှန်းနေဟု ခိုင်သုခပြော Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.