ဒီပဲယင်းနယ်က စစ်ဘေးရှောင်တွေကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရှစ်ဦး ထိမှန်ပြီး လေးဦး သေဆုံး
မေ - ၁၉
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲ ဝင်မွှေလုယက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ဒီကနေ့ နေ့လယ်ပိုင်းအချိန် ရေဦးနှင့် ဒီပဲယင်းမြို့နယ် အစပ်မှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ရှစ်ဦး ထိမှန်ပြီး လေးဦး သေဆုံးတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။
ဒီကနေ့ မေ(၁၉)ရက်မှာ ရေဦးမြို့နယ် ပေါက်တောရွာကို ဝင်မွှေလုယက် မီးရှို့ပြီး ဒီပဲယင်းမြို့နယ်ဘက် ကူးလာတဲ့ အင်အား (၁၂၀)လောက်ရှိတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ရေဦးနှင့် ဒီပဲယင်းမြို့နယ်အစပ် မှာ စစ်ဘေးရှောင် ခိုလှုံနေတဲ့ ပြည်သူတွေကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်းနေပြီး မဲမဲမြင်ရာ လူတိုင်းကို ပစ်ခတ်သတ်ဖြတ်နေတာ ဖြစ်ကြောင်းနှင့် စစ်ဘေးရှောင် ပြည်သူတွေကို အဝေးကနေ အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
''ရှစ်ဦး ထိတယ်လို့ ကျနော်တို့ သတင်းကြားရတယ်။ လေးဦးကတော့ အရေးပေါ် အသက်ကယ်လို့ ဘယ်လိုမှ မရတော့ဘူး။ ဆုံးရှုံးသွားပြီ။ မကူညီ လိုက်နိုင်ဘူး။ ငါးဦး မိသားစုတစ်စု ပါတယ်လို့ ကြားတယ်။ လေးဦးကတော့ အသက်ဆုံးရှုံးသွားပြီ။ လေးဦးကတော့ အရေးပေါ် ကုသနေရဆဲလို့ ကြားတယ်'' လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့ အဖွဲ့ဝင်က ဆိုပါတယ်။
လက်နက်ကြီး ထိမှန်ထားသူတွေနဲ့ သေဆုံးသူတွေဟာ ဘယ်ရွာကလဲ ဆိုတာ မသိရသေးသလို အသေးစိတ် အချက်အလက်တွေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ရေဦးမြို့နယ်ထဲက ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း၊ ဇိန့်ဇွန်း၊ ပေါက်သာ စတဲ့ ကျေးရွာတွေကို နှစ်ရက်ဆက်တိုက် ထင်တိုင်းကျဲ ဝင်မွှေလုယက် မီးရှို့ပြီးနောက် လက်ရှိမှာ ရေဦးနယ်ကနေ ဒီပဲယင်းနယ်ဘက် ကူးကာ သောင်းကျန်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေဦးမြို့နယ် မုံတိုင်ပင်ရွာမှာ စစ်အုပ်စုက ဒေသခံပြည်သူ (၃၀)ဝန်းကျင်ကို သတ်ဖြတ်မီးရှို့ အလောင်းဖျောက်ခဲ့ပါသေးတယ်။
Mandalay Free Press - MFP

No comments:
Post a Comment