တန့်ဆည်မြို့နယ် ချောင်းရိုးရွာရှိ နှစ်(၁၂၀)ကျော် သက်တမ်းရှိ ခရစ်ယာန် ဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ် နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး

တန့်ဆည်နယ် ချောင်းရိုးရွာက နှစ်(၁၂၀)ကျော် သက်တမ်းရှိ ဘုရားကျောင်းကို တွေ့ရစဉ် (ပုံဟောင်း)

၂၀၂၂ ခုနှစ်၊ မေလ၊ ၂၀ရက်

ပေါ်တူဂီနွယ်ဖွား ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်းရိုးရွာကို အကြမ်းဖက် စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်းက စတင်ပြီး ဝင်မွှေလုယက် မီးရှို့နေတာကြောင့် နှစ်(၁၂၀)ကျော် သက်တမ်းရှိ ဘုရားကျောင်း အပါအဝင် နေအိမ်တွေ ရွာလုံးကျွတ် မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဒီကနေ့ မေ(၂၀)ရက် မနက်ပိုင်းမှာ တန့်ဆည်မြို့နယ် ဖန်းကားဇင်ကျေးရွာထဲ ဝင်မွှေလုယက် မီးရှို့ပြီးနောက် ချောင်းရိုးရွာထဲ ဆက်လက် ဝင်မွှေလုယက်ကာ ဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ် နေအိမ်အဆောက်အဦးတွေကို မီးရှို့နေတာလို့ ဆိုပါတယ်။

“ဘုရားကျောင်းက နှစ်(၁၂၀)ကျော် သက်တမ်းရှိနေပြီ။ အခု ကြားရသလောက် ဘုရားကျောင်းရော အိမ်တွေရော အကုန် မီးလောင်သွားပြီတဲ့။ အိမ်တွေက တစ်အိမ်နဲ့ တစ်အိမ် ဝေးနေတော့ မီးကူးတာ မဟုတ်ဘဲ တစ်အိမ်တက်ဆင်း ရှို့တာ ဖြစ်မယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ချောင်းရိုးရွာဟာ အိမ်ခြေ (၃၀၀)နီးပါး ရှိပြီး ဒေသခံအများစုက ပေါ်တူဂီနွယ်ဖွား ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကလည်း အကြမ်းဖက် စစ်အုပ်စုက ချောင်းရိုးရွာကို ပထမအကြိမ် ဝင်မွှေလုယက် မီးရှို့ခဲ့ဖူးပြီး နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကာ ယခုအခါ ဒုတိယအကြိမ် မီးရှို့ခံရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက် စစ်အုပ်စုက ရွာလုံးကျွန် မီးရှို့နေတဲ့အပြင် တွေ့သမျှလူကို ရန်ပြု သတ်ဖြတ်နေတာကြောင့် ဒေသခ့တွေ ထွက်ပြေးနေရပြီး ရွာထဲက အပျက်အစီး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက် စတဲ့ ရွှေဘိုခရိုင်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ နေအိမ်မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က မေ(၁၉)ရက်မှာလည်း ရေဦးနှင့် ဒီပဲယင်းမြို့နယ်အစပ်က ရွာတွေကို ဝင်မွှေလုယက် မီးရှို့ပြီး ရေဦးနယ် ပေါက်သာရွာက စစ်ဘေးရှောင်ပြည်သူ ငါးဦးနှင့် ဒီပဲယင်းနယ် ခွင့်တောင်းရွာက စစ်ဘေးရှောင် ပြည်သူတစ်ဦးတို့ကို သတ်ဖြတ်ခဲ့ပါတယ်။


မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

တန့်ဆည်မြို့နယ် ချောင်းရိုးရွာရှိ နှစ်(၁၂၀)ကျော် သက်တမ်းရှိ ခရစ်ယာန် ဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ် နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး တန့်ဆည်မြို့နယ် ချောင်းရိုးရွာရှိ နှစ်(၁၂၀)ကျော် သက်တမ်းရှိ ခရစ်ယာန် ဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ် နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 18:15 Rating: 5

No comments:

Powered by Blogger.