စစ်ကောင်စီစစ်ကြောင်းမှ စစ်ရှောင်များရှိရာ နေရာသို့လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင် ငါးဦးသေဆုံး
ရေဦး - မေ ၂၀၊ ၂၀၂၂။
စစ်ကောင်စီစစ်ကြောင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မူးမြစ်တစ်ဖက်ကမ်းရှိ တာတိုင်ကျေးရွာမှ စစ်ရှောင် ငါးဦး ယမန်နေ့ မွန်းလွှဲ သုံးနာရီက သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ စစ်သည်အင်အား ၉၀ ဦး ခန့်ဖြင့် ပေါက်သာရွာ မှ ချောင်းဦးပေါက်ရွာသို့ ထွက်လာချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသဖြင့် မူးမြစ်တစ်ဖက်ကမ်းရှိ တာတိုင်ရွာမှ စစ်ရှောင်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်ပိုင်း) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။
“ပေါက်သာရွာဘက်က စစ်ရှောင်နေတဲ့ ရွာသားတွေက ကမ်းဘေးကနေ ကြည့်နေတဲ့အချိန်မှာ အဲ့ရွာသားတွေထဲကို သူတို့(စစ်ကောင်စီ)လှမ်းပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီစစ်ကြောင်း၏ လက်နက်ကြီးကြောင့် တာတိုင်ကျေးရွာမှ စစ်ရှောင် ၁၁ ဦးတွင် ၅ ဦးသေဆုံးခဲ့ပြီး ၂ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း သူကဆိုသည်။
လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သောပြည်သူများမှာ ပေါက်သာကျေးရွာမှ တာတိုင်ကျေးရွာသို့ စစ်ရှောင်လာသော ဦးဝင်းကို အသက် ၅၀ နှစ်၊ ကိုကျော်နိုင် အသက် ၄၁ နှစ်၊ ကိုနိုင်လင်းမောင် ၃၇ နှစ်၊ ကိုပြေ ၂၇ နှစ်နှင့် ဦးတင်လင်း ၅၂ နှစ်တို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းက စစ်ရှောင်များကို ထိုကဲ့သို့ လက်နက်ကြီးပစ်ခတ်ပြီးနောက် ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် လွန်ခဲ့သည့် သုံးရက်ကလည်း ချောင်းဦးမြို့ရှိ ပိဋက္ကကျေးရွာတွင် ၁ အိမ်၊ မူးသာကုန်းရွာတွင် ၄ အိမ်နှင့် ယမန်နေ့က ဇိန်ဇွန်းကျေးရွာတွင် ၅ အိမ်၊ ပေါက်သာတွင် ၃ အိမ် စုစုပေါင်း ပြည်သူများ၏ နေအိမ် ၁၃ အိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
The 74 Media

No comments:
Post a Comment