ဒဏ်ရာရသူများကို သံချပ်ကာ (၂) စီး ဖြင့်လာကယ်သည့်စစ်တပ် ထပ်မံတိုက်ခိုက်ခံရ၍ ပြန်ဆုတ်ခွ


အရာတော်၊ မေလ (၁၉)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၌ မေလ (၁၇) ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများကို အကြမ်းဖက်စစ်ကောင်စီတပ်သားများ ယမန်နေ့က လာရောက်သယ်ဆောင်စဉ် တော်လှန်ရေးအင်အားစုများက ထပ်မံတိုက်ခိုက်ခဲ့ခြင်းကြောင့် အရာတော်သို့ပြန်ဆုတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ (၁၇) ရက်က အရာတော်မြို့နယ် ထန်းတောကုန်းကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီလက်ပါးစေ (၁၅) ဦး ခန့်ကို သယ်ဆောင်ကာ နောင်ကြီးအိုင်ရဲစခန်းသို့ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း အရာတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ထို့နောက် ယမန်နေ့ မေလ (၁၈) ရက်တွင် အကြမ်းဖက်စစ်ကောင်စီက စက်သေနတ်ပါ သံချပ်ကာကား (၂) စီး၊ လူသယ်ကားတစ်စီးတို့ဖြင့် ဒဏ်ရာရသူများကို လာရောက်ရောက်သယ်ဆောင်ပြီးအပြန် မကျီးကန်ကျေးရွာအနီးတွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး အရာတော်မြို့နယ်ဖက်သို့ ပြန်လည်မောင်းပြေးသွားကာ ပစ်ခတ်မှုတွင် ကျန်ခဲ့သည့် ကျည်ခွံများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက အရာတော်သို့ သယ်ဆောင်သွားသည့် ဒဏ်ရာရသူများတွင် ဗိုလ်အဆင့်အရာရှိတစ်ဦးပါဝင်ပြီး ယမန်နေ့ညပိုင်းကလည်းသုသာန်၌ သေနတ်ပစ်ဖောက်၍ သင်္ဂြိုလ်မှုများကြောင်း ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ (၁၇) ရက်တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ (၈) ဦးခန့် သေဆုံးနိုင်ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်သည့်အရေအတွက်ကိုမူ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါတိုက်ခိုက်မှုများကို အရာတော်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့နှင့်ဒေသခံတော်လှန်ရေးအင်အားစုများ၊ရွှေဘိုပြည်သူကာကွယ်ရေးအဖွဲ့၊ ဒီပဲယင်းပြည်သူကာကွယ်ရေးအဖွဲ့နှင့် ဝက်လက်တော်လှန်ရေးအင်အားစုများ ပူးပေါင်းထားသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။.


Lu Nge Khit

ဒဏ်ရာရသူများကို သံချပ်ကာ (၂) စီး ဖြင့်လာကယ်သည့်စစ်တပ် ထပ်မံတိုက်ခိုက်ခံရ၍ ပြန်ဆုတ်ခွ ဒဏ်ရာရသူများကို သံချပ်ကာ (၂) စီး ဖြင့်လာကယ်သည့်စစ်တပ် ထပ်မံတိုက်ခိုက်ခံရ၍ ပြန်ဆုတ်ခွ Reviewed by THITHTOOLWIN on 18:46 Rating: 5

No comments:

Powered by Blogger.