မအူပင်မြို့မှာ သွေးသောက်အဖွဲ့က လူနေအိမ်တွေကို မီးရှို့ပြီး သေနတ်ဖြင့်ပစ်သော်လည်း ရဲက ဖမ်းဆီးခြင်းမရှိ


မေလ ၂၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ သွေးသောက်အဖွဲ့ဝင်တွေက NLD လွှတ်တော်ကိုယ်စားလှယ်များရဲ့ နေအိမ်တွေနဲ့ ဒေသခံတွေ အိမ်တွေကို မီးဝင်ရှို့တာ၊ သေနတ်နဲ့ ပစ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် လိုက်လံစုံစမ်း ဖမ်းဆီးတာတွေ မရှိဘူးလို့ မအူပင်မြို့ခံတွေက ပြောပါတယ်။

မအူပင်မြို့ထဲက NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးနေအိမ် သေနတ်နဲ့ ပစ်ခံရပြီး လွှတ်တော်အမတ် ဦးဇော်မိုး နေအိမ်မှာလည်း ပြီးခဲ့တဲ့ မေလ ဒုတိယပတ်အတွင်းက မီးနဲ့ရှို့ခံခဲ့ရပါတယ်။ မေလ ၁၄ ရက်နေ့ကလည်း မအူပင်မြို့ခံ ကိုဇော်ဝင်းမြင့်နေအိမ်ကို သေနတ်နဲ့ ဝင်ပစ်တာတွေ လုပ်ခဲ့ပြီး ဒီလုပ်ရပ်တွေကို သူတို့လုပ်တာလို့ သွေးသောက်အဖွဲ့က ကြေညာခဲ့ပါတယ်။

ဒီလိုမျိုး မှုခင်းဖြစ်စဥ်တွေ ပေါ်ပေါက်ခဲ့ပေမယ့် မအူပင်ခရိုင်ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ဖို့ ကြိုးပမ်းတာ၊ တရားခံတွေ ဖမ်းဆီးရမိတာ တစ်ခုမှ မရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

"သွေးသောက်အဖွဲ့က ဒါတွေ သူတို့လုပ်ပါတယ်လို့ ဗြောင်ကြေညာတယ်။ ရဲတွေက အဲ့အမှုတွေနဲ့ ပတ်သတ်ပြီး တရားခံတယောက်တောင် ဖမ်းမိတာမျိုး မရှိဘူး။ သွေးသောက်အဖွဲ့က စစ်တပ်ထောက်ခံသူတွေ ဖွဲ့ထားတာမို့လို့ ရဲတွေက မဖမ်းတာလားလို့ မေးရမလို ဖြစ်နေတယ်"လို့ မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သွေးသောက်အဖွဲ့ဟာ စစ်တပ်ထောက်ခံသူတွေနဲ့ စုဖွဲ့ထားတာဖြစ်ပြီး PDF တွေရဲ့ဒလန်ရှင်းတာ၊ ရဲတွေနဲ့ စစ်သားတွေကို တိုက်ခိုက်နေတာကို တန်ပြန်ဖို့အတွက် မြို့ပြတွေက တော်လှန်ရေးအင်အားစုတွေရဲ့ ဆွေမျိုးမိသားစုဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်တွေမှာ မအူပင်မြို့ပေါ်က စစ်တပ်ထောက်ခံသူတွေကို မြင်တွေ့နေရတဲ့အတွက် မအူပင်မြို့ခံအများအပြားကတော့ ရည်ရွယ်ချက်ရှိတဲ့ ဒီတိုက်ခိုက်မှုတွေဟာ တခြားဒေသကလူတွေ လာလုပ်တာ မဟုတ်ဘဲ မအူပင်မြို့က စစ်တပ်ထောက်ခံသူတွေက သွေးသောက်အဖွဲ့အဖြစ် လှုပ်ရှားနေတာလို့ ယူဆနေကြပါတယ်။

မအူပင်မြို့မှာ စစ်တပ်ထောက်ခံသူ သတင်းပေးဒလန်လို့ နာမည်ကြီးတဲ့ ကိုဇေယျာဖြိုးကို သွေးသောက်အဖွဲ့ဝင်လို့ သံသယရှိတဲ့အတွက် မအူပင်ခရိုင် ရဲတပ်ဖွဲ့က မေလဒုတိယပတ်အတွင်း ခေါ်ယူစစ်ဆေးခဲ့ပေမယ့် ဖမ်းဆီးတာမရှိဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

"ဇေယျာဖြိုးက စစ်တပ်ထောက်ခံသူ သတင်းပေးဆိုတာ မအူပင်မြို့သားမှန်ရင် သိပါတယ်။ စစ်တပ်က သူ့ကို သေနတ်တောင် ထုတ်ပေးထားတယ်။ သူက NLD အမတ်တွေ၊ ဒီမိုကရေစီ ထောက်ခံသူတွေကို လိုင်းပေါ်မှာ ကြိမ်းတယ်။ မကြာဘူး မီးရှို့တာ၊ သေနတ်နဲ့ပစ်တာတွေ ဖြစ်လာတယ်။ အခင်းဖြစ်တဲ့ညပိုင်းတွေမှာ အခင်းဖြစ်နေရာနဲ့အနီးတဝိုက်မှာ သူ့ကို တွေ့တဲ့သူတွေ ရှိကြတယ်။ နောက်တော့ ရဲက သူ့ကိုခေါ်စစ်တယ်။ ပြီးတော့ ပြန်လွှတ်ပေးတယ်။ သွေးသောက်အဖွဲ့နဲ့ ပတ်သတ်ပြီး မိတာ တယောက်မှ မရှိဘူး။ ဒီတိုက်ခိုက်မှုတွေက တခြားက လာလုပ်တာ မဟုတ်ဘူး။ မအူပင်က စစ်တပ်ထောက်ခံသူတွေပဲ သွေးသောက်အဖွဲ့နာမည်နဲ့ လုပ်နေတယ်ဆိုတာ ကျနော်တို့ သိတယ်"လို့ အသက်ကြီးပိုင်း မအူပင်မြို့ခံတစ်ဦးက ပြောပါတယ်။

အမှတ် ၉ ရပ်ကွက်နေ ကိုဇော်ဝင်းမြင့်နေအိမ်ကို သွေးသောက်အဖွဲ့မှ မေလ ၁၄ ရက်နေ့ညက ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြကာ အိမ်ထဲဝင်ပြီး သေနက်နဲ့ ပစ်သွားခဲ့ပြီး မေလ ၁၈ ရက်နေ့ညကလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်သွားကြောင်း သိရပါတယ်။

မအူပင်မြို့မှာ စစ်တပ်ထောက်ခံသူတွေဟာ စစ်ကောင်စီတပ်နှင့်အတူ ကင်းလှည့်တာ၊ ဆိုင်ကယ်တွေ စစ်ဆေးတာ၊ ဧည့်စာရင်းစစ်တာတွေပါပြုလုပ်နေပြီး စစ်ကောင်စီတပ်၊ ရဲများနှင့် ပေါင်းသင်းကာ ဖမ်းဆီးမှုတွေနဲ့ ငွေကြေးတောင်းခံတာတွေ ပြလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


Ayeyarwaddy Times 

မအူပင်မြို့မှာ သွေးသောက်အဖွဲ့က လူနေအိမ်တွေကို မီးရှို့ပြီး သေနတ်ဖြင့်ပစ်သော်လည်း ရဲက ဖမ်းဆီးခြင်းမရှိ မအူပင်မြို့မှာ သွေးသောက်အဖွဲ့က လူနေအိမ်တွေကို မီးရှို့ပြီး သေနတ်ဖြင့်ပစ်သော်လည်း ရဲက ဖမ်းဆီးခြင်းမရှိ Reviewed by THITHTOOLWIN on 05:36 Rating: 5

No comments:

Powered by Blogger.