မြောင်နယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို လက်တုန့်ပြန်တဲ့အနေနဲ့ မြောင်မြို့ပေါ်က စကစ နေရာနှစ်ခုကို ဗုံးထု၊စစ်ကောင်စီ အကြမ်းဖက်သမားတွေ ထိခိုက်ဒဏ်ရာရတာ ရှိဟုဆို

မြောင်မြို့ပေါ်က စစ်ကောင်စီ အကြမ်းဖက်သမားတွေရဲ့ နေရာနှစ်ခု ဗုံးထုခံရလို့ ထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့ မီးသတ်ကား/Photo – S

မေ-၂၁

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်ခိုးယူကာ ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို လက်တုန့်ပြန်တဲ့အနေနဲ့ မြောင်မြို့ပေါ်က စစ်ကောင်စီ လက်အောက်ခံ မြို့နယ်မှူးအိမ်နှင့် စည်ပင်ရုုံးတွေကို ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM ဗိုလ်နွေဦးက ဆိုပါတယ်။

ဒီကနေ့ မေ(၂၁)ရက် နေ့လည်ပိုင်းမှာ မြောင်မြို့ပေါ်က အကြမ်းဖက် စစ်အုပ်စု လက်အောက်ခံ မြို့နယ်မှုးအိမ်နှင့် စည်ပင်ရုံးကို ဒရုန်းသုံးပြီး အီနာဂါ ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ခွေးမိစ္ဆာတပ်ကြီးက လက်နက်အင်အား လူအင်အားအစုံနဲ့ ရွာတွေကို မီးတွေ ပတ်ရှို့နေတာကို ကျွန်ုပ်တို့ မြောင် PDF တွေမှာ ရင်ဆိုင်တိုက်ဖို့ အင်အားမမျှလို့ ဆိုပြီး ဒီတိုင်းလက်မှိုင်ချ စိတ်ဓာတ်တွေကျ ငုတ်တုတ်ထိုင်နေမယ့် ကာကွယ်ရေး သမားတွေ မဟုတ်ပါဘူး။ ပြည်သူတွေကို ပေးနေတဲ့ဒုက္ခမျိုး တန်ပြန်ပေးဆပ် စေဖို့ တစ်နည်းမရ တစ်နည်းနဲ့တော့ ကျွန်ုပ်တို့ ရဲဘော်တွေ အမြဲကြိုးစားနေပါတယ်” လို့ ဗိုလ်နွေဦးက ဆိုပါတယ်။

မြောင်မြို့ပေါ်က စစ်အုပ်စုရဲ့ နေရာနှစ်ခုကို ဗုံးထုတိုက်ခိုက်ရာမှာ စကစတွေ အသေအပျောက် ဒဏ်ရာရတာတွေ ရှိပြီး အသေးစိတ် အတည်ပြုပြီးတာနဲ့ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က ဒီကနေ့ နေ့လယ်ပိုင်းမှာ မြောင်မြို့ပေါ်က မြို့နယ် ဝန်ထမ်းအိမ်ယာဝင်းနဲ့ မီးသတ်ရုံး ဗုံးထုခံရပြီး မီးသတ်တစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“ယနေ့ နေ့လယ်(၂)နာရီခန့်တွင် မြိုနယ်ဝန်ထမ်းအိမ်ယာ ဝန်းအတွင်းသို PDF အဖွဲမှ ကောင်းကင်ဒရုန်းဖြင့် အီနာဂါ(Drop) ဗုံးသီးအား ချိတ်ဆွဲ၍ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သော် ထိခိုက်ဒဏ်ရာရရှိမှု မရှိသဖြင့် ထပ်မံ၍ နေ့လယ်(၂)နာရီခွဲခန့်တွင် မြောင်မြိုနယ် မီးသတ်ဦးစီးဌာနရုံးသို PDF အဖွဲ့မှ ကောင်းကင်ဒရုန်းဖြင့် အီနာဂါ(Drop) ဗုံးသီးအား ချိတ်ဆွဲ၍ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မီးသတ်တပ်ဖွဲဝင် တစ်ဦးနှင့် အသက် (၁၄)နှစ်အရွယ်ကလေး တစ်ဦးနှင့် အသက်(၈)နှစ်အရွယ် ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မီးသတ်ယာဉ် တစ်စီး ရှေ့လေကာမှန်များ ကွဲအက်သွားကြောင်း သိရှိရပါသည်” လို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။

အင်အား(၁၅၀)လောက် ရှိတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ဧပြီလကုန်က စတင်ပြီး စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ ဒေသခံ အရပ်သား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာ၊ တန်ဘိုးကြီး ပစ္စည်းတွေ ဖောက်ထွင်းခိုးယူ လုယက်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ရေစကြိုနယ် ရေလယ်ကျွန်းဒေသက ကျေးရွာ (၁၇)ရွာကို ဝင်မွှေလုယက် ဖောက်ထွင်းခိုးယူခဲ့ပြီး အများပြည်သူ နေအိမ်အလုံး (၁၆၀)ကျော်ကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ စစ်ဘေးရှောင် ပြည်သူတချို့လည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်။ 

ဒါ့အပြင် မြောင်မြို့နယ်ထဲက ရွာပုလဲရွာ၊ ပေါက်ချောင်းရွာ၊ ပန်းညိုရွာ၊ ညောင်ကားယားရွာ၊ မယ်မသော်ရွာ၊ အညွှန့်ရွာ၊ နဂါးပေါက်ရွာ၊ နေပူကုန်းရွာ စတဲ့ ရွာတွေက နေအိမ်တွေကို ဝင်မွှေလုယက် မီးရှို့ဖျက်ဆီး ခဲ့ပြီး ဆက်လက်ပြီးတော့လည်း ရွာစဉ်ပတ်မွှေ မီးရှို့ဖျက်ဆီးနေဆဲ ဖြစ်ပါတယ်။

မြောင်နယ်ထဲ ဝင်မွှေသောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုမှာ လက်နက်ကြီးတွေ ပါရှိပြီး သူတို့ တိုက်ခိုက်ခံရချိန် အရပ်သားပြည်သူတွေကိုပါ ကလေး၊လူကြီးမရွေး ရန်ပြုနေတာကြောင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ စစ်အုပ်စုကို ခုခံတိုက်ခိုက်တာ မရှိဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။


Mandalay Free Press - MFP

မြောင်နယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို လက်တုန့်ပြန်တဲ့အနေနဲ့ မြောင်မြို့ပေါ်က စကစ နေရာနှစ်ခုကို ဗုံးထု၊စစ်ကောင်စီ အကြမ်းဖက်သမားတွေ ထိခိုက်ဒဏ်ရာရတာ ရှိဟုဆို မြောင်နယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို လက်တုန့်ပြန်တဲ့အနေနဲ့ မြောင်မြို့ပေါ်က စကစ နေရာနှစ်ခုကို ဗုံးထု၊စစ်ကောင်စီ အကြမ်းဖက်သမားတွေ ထိခိုက်ဒဏ်ရာရတာ ရှိဟုဆို Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.