စစ်ကောင်စီလက်နက်ကိုင်များနှင့်ပူးပေါင်းကာ ပြည်သူများကို မီတာခ လိုက်လံကောက်ခံနေသည့် လျှပ်စစ်ရုံး ဗုံးခွဲခံရ
ဗန်းမော် - မေ ၁၉၊ ၂၀၂၂။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ယနေ့နံနက် ၁၁ နာရီခွဲခန့်က ဗုံးဖောက်ခွဲခံရကြောင်း သိရသည်။
ပထမအဆင့် အသိပေးမှုအနေဖြင့် ဗုံးဖောက်ခွဲခြင်းဖြစ်သည်ဟု Urban Revolution Force (URF – Bhamo) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ဗုံးက နှစ်လုံးပါ။ ရုံးရဲ့ ခြံဝင်းထဲကိုပဲ သတိပေးချက်အနေနဲ့ ခွဲလိုက်တာပါ။ နှစ်လုံးပစ်တာ တစ်လုံးမကွဲသွားဘူး” ဟုပြောသည်။
အဆိုပါလျှပ်စစ်ရုံးမှ ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လက်နက်များဖြင့် ခြိမ်းခြောက်ကာအိမ်တိုင်ရာရောက် လျှပ်စစ်မီတာခများ လိုက်လံကောက်ခံလျှက်ရှိကြောင်းသိရသည်။
မီတာခ မပေးဆောင်သည့် နေအိမ်များကိုလည်း လျှပ်စစ်ရုံးနှင့် စစ်ကောင်စီပူးပေါင်းအဖွဲ့က မီတာဘောက်စ်များ လိုက်လံဖြုတ်သိမ်းနေကြောင်းသိရသည်။
မေလ ၁၆ ရက်နေ့ကလည်း ခွန်သာရပ်ကွက်ရှိ နေအိမ်အချို့မှ မီတာဘောက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်နှင့် လျှပ်စစ်ရုံးဝန်ထမ်းများမှ ဖြုတ်သိမ်းသွားကြောင်း သိရသည်။
Urban Revolution Force (URF – Bhamo) အဖွဲ့သည် ပြည်သူများကို နှောက်ယှက်အန္တရာယ်ပြုနေခြင်းများ ရပ်တန့်ကြရန် ၎င်းတို့ လူမှုကွန်ယက် စာမျက်နှာ ဖေ့ဘုတ်တွင် ထုတ်ပြန်ထားသည်။
The 74 Media

No comments:
Post a Comment