မြန်မာနိုင်ငံဒီမိုကရေစီရရှိရန် ဆောင်ရွက် နေကြသူများကို ဆက်လက်အားပေးထောက်ခံမည်ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကတိပြု
ရန်ကုန်၊ မေ ၁၃
အာဏာရှင်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်စွာဖြိုခွင်းမှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန် ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသည့်သူများအားလုံးကို ဆက်လက်အားပေးထောက်ခံသွားမည်ဟု အမေရိကန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းကပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းနှင့်ဒေါ်ဇင်မာအောင်အပါအဝင် NUG ကိုယ်စားလှယ်များနှင့် ဝါရှင်တန်မြို့တော်တွင် မေလ ၁၂ရက် က တွေ့ဆုံခဲ့စဉ်ရှားမန်းက ကတိပေးပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သံရုံး ရန်ကုန်က ယနေ့ ထုတ်ပြန်ထားသည်။
လက်ရှိ အာဆီယံခေါင်းဆောင်အများစုသည် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ဝါရှင်တန်မြို့တော်သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံ၏ အကြပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြရန် အာဆီယံနှင့် အခြားသော မိတ်ဖက်များနှင့်အတူ ဆက် လက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးရှားမန်း ကပြောသည်။
အာဏာရှင်အဖွဲ့မှ အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်းနှင့် ၎င်း၏ အကျိုးဆက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကြပ်အတည်းဖြစ်ပေါ်လာရခြင်းကို ရှုတ်ချကြောင်း ပြောကြားထားသည်။
လက်ရှိ ဒေါ်ဇင်မာအောင် ကို အမေရိကန်နိုင်ငံမှ လုံခြုံရေးတင်းကြပ်စွာယူထားပေးကြောင်းလည်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ ပထမဦးစားပေးဖြစ်သည့် ယူကရိန်းစစ်ပွဲအခြေအနေများကြားတွင် သမ္မတဘိုင်ဒန်က အရှေ့တောင်အာရှခေါင်းဆောင်များနှင့် ဝါရှင်တန်တွင်တွေ့ဆုံခြင်းသည် တရုတ် နှင့် ပါဝါခြင်းယှဥ်ပြိုင်နေသည့်အချိန်တွင် အရှေ့တောင်အာရှဒေသတွင်း အမေရိကန်၏ အလေးထားမှုကို အရိပ်အမြွက်ပြလိုက်ခြင်းဖြစ်သည်။
ကြာသာပတေးနေ့က စတင်သည့် နှစ်ရက်ကြာအစည်းအဝေးတွင် ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ ရာသီဥတုအပြောင်းအလဲနှင့် မြန်မာစစ်အာဏာသိမ်းမှုတို့ကို ဆွေးနွေးကြမည်ဖြစ်သည်။
ထို အစည်းအဝေးသည် “ အမေရိကန်-အာဆီယံ၏ (၄၅)နှစ်ကြာ ဆက်ဆံရေးကို ဂုဏ်ပြုခြင်းနှင့် အာဆီယံအပေါ် အမေရိကန်၏ ခိုင်မာသည့်အလေးထားမှုကို ပြသခြင်း ဖြစ်လိမ့်မည်” ဟု အိမ်ဖြူတော်က ဆိုသည်။
အာဆီယံအဖွဲ့၀င် (၁၀)နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတွင် နံပတ်ခုနှစ် အကြီးဆုံးဖြစ်ပြီး နိုင်ငံခေါင်းဆောင်များအားလုံး အစည်းအဝေးကိုတက်ရောက်ကြသည်။ သို့သော်
ဘိုင်ဒန်နှင့်အစည်းအဝေးတွင် သက်တမ်းကုန်ဆုံးတော့မည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ကိုယ်စားပြုတက်ရောက်ခြင်း မရှိပေ။
“အာဆီယံအဖွဲ့အစည်းမှ အတည်ပြုသတ်မှတ်ပေးထားသည့် ဘုံသဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်အတွက် အာဆီယံ၏ ထိပ်တန်းအဆင့်အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို မိမိတို့ အားပေးထောက်ခံသည်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နက်ဒ်ပရိုက်စ်က ယမန်နေ့က ပြောကြားထားသည်။
ထို့ပြင်အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း အဆိုပါ လမ်းစဉ်ကို ကျင့်သုံးမည် ဖြစ်ပြီး စစ်အာဏာရှင်အဖွဲ့သည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ခြင်းနှင့် မြန်မာပြည်သူများ အပေါ် အကြမ်းဖက်မှုနှင့် နှိပ်ကွပ်မှုများကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် အဆိုပါမူကို ဆက်လက်ကျင့်သုံးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
Lu Nge Khit

No comments:
Post a Comment