ဖားကန့်မြို့တွင်း စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရသဖြင့် ထိခိုက်မှုရှိနိုင်


May 17.2022

ဖားကန့်မြို့ အေးမြသာယာ ကျောက်ဝိုင်းအနီးတွင် မတ် ၁၆ ရက်နေ့ညက စစ်ကောင်စီတပ်သားများ လမ်းလျှောက် လှည့်လှည်စဥ် မိုင်းပေါက်ကွဲခဲ့ပြီး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းပေါက်ကွဲမှုမှာ ယမန်နေ့ ည ၉ နာရီ မိနစ်လေးဆယ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အင်အား ၆၀ ခန့်သည် မြို့တွင်း လမ်းလျှောက်ကင်းလှည့်ပြီးအပြန်တွင် အေးမြသာယာကျောက်ဝိုင်းအကျော် ကုန်းတက်နေရာတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း ယင်းကျောက်ဝိုင်းအနီးနေထိုင်သူ တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

"သူတို့က ည ၇နာရီခွဲလောက်မှာ သူတို့ကုန်းပေါ်စစ်တပ်ကုန်းကနေဆင်းလာပြီးမှ အေးမြသာယာရပ်ကွက်ဘက်ကို သွားတာ။ သွားပြီးမှ အပြန်မှာ သူတို့စစ်တပ်ကုန်းနား ရောက်ခါနီးမှာကွဲတာ ထိတာတော့ ထိတယ်လို့ပြောတယ်။ ထိရင်လည်း ဖားကန့်ဆေးရုံတော့သွားမှာမဟုတ်ဘူး။ သူတို့စစ်တပ်ထဲကဆရာဝန်တွေနဲ့ပဲကုမှာ ထိတာတော့ထိတယ်တဲ့။ ဘယ်သူဘယ်ဝါဘယ်လောက်ထိတယ်ဆိုတာတော့မသိရဘူး"ဟု ၎င်းအမျိူးသားက ပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် စစ်တပ်ဘက်မှ လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်မှုလည်း ပြုလုပ်ခဲ့ပြီး ပေါက်ကွဲမှုအနီးတဝိုက်တွင်လည်း စစ်ဆေးမှု ကြမ်းတမ်းခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့တွင်း ယခုကဲ့သို့ပေါက်ကွဲမှုမျိုး မကြာခဏဖြစ်ပွားလျက်ရှိပြီး ဧပြီလ ၆ ရက်နေ့ကလည်း ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ခဲ့ရာ အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။


Kachin News Group 

ဖားကန့်မြို့တွင်း စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရသဖြင့် ထိခိုက်မှုရှိနိုင် ဖားကန့်မြို့တွင်း စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရသဖြင့် ထိခိုက်မှုရှိနိုင် Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.