စစ်ကား ၃ စီးမိုင်းဆွဲခံရပြီးနောက် လက်နက်ကြီးနဲ့ပစ်လို့ အရပ်သား ၃ ဦးသေဆုံးပြီး အဘိုးအိုတဦး မီးရှို့ခံရပြီးထပ်ဆုံး
ခင်ဦး၊ မေ ၂၁ ရက်၊ ၂၀၂၂။
ခင်ဦးမြို့နယ်တောင်ပိုင်းရှိ အင်းတိုင်းလေးကျေးရွာအနီးတွင် မေလ ၂၀ ရက်နေ့၊ နေ့လည် ၂ နာရီက စစ်ကောင်စီကား ၃ စီးမိုင်းဆွဲခံလိုက်ရပြီးနောက် ကျေးရွာသို့ လက်နက်ကြီးများပစ်ကာဝင်ရောက် မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အင်းတိုင်းလေးရွာနေထိုင်သူ ကိုဝင်းဗိုလ်၊ မလုံးခင်၊ ကိုနိုင်ဦးတို့ အသက်ဆုံးရှုံးခဲ့ရပြီး အသက် ၇၅ နှစ်အရွယ် ဦးစိန်လင်းမှာ ထွက်မပြေးနိုင်သဖြင့် မီးရှို့ခံလိုက်ရသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။
"အိမ်ကတော့ ၇၀ လောက် ပြာကျသွားတယ်။ စစ်ကောင်စီတွေက မနေ့ကစလို့ အဲဒီရွာမှာနေ တာ ဒီနေ့အချိန်ထိ။ မပြန်သေးဘူး။ ရွာမှာလည်းနေတယ်။ အိမ်တွေကိုလည်းမီးရှို့တယ်။ အနီးအနား ပတ်ဝန်းကျင်တွေကိုလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတယ်။ သေတဲ့သူတွေက ၃ ယောက်က ကျည်မှန်ပြီးတော့သေတာ။ အဖိုးကတော့ မီးထဲအထည့်ခံလိုက်ရတာ။"ဟု ပြောသည်။
အဆိုပါမိုင်းဆွဲခံလိုက်ရသည့် စစ်ကား ၃ စီးတွင် လိုက်ပါလာသည့် စစ်ကောင်စီအရာရှိ ၂ ဦးသေဆုံးခဲ့ပြီး၊ သာမန်စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment